လူတစ်ယောက်အတွက် သူ့ရဲ့ကံကြမ္မာက ဘယ်လို ရှိတယ် ဆိုတာထက် သူ့ကံကြမ္မာကို
သူဘယ်လို ကြိုးကိုင် ထိန်းသိမ်းနိုင်တယ်ဆိုတာက ပိုအရေးကြီးပါတယ်....(ဝေဟန်
ဗွန် ဟန်မ်ဘို့်)
ကျွန်တော်ငယ်ငယ်တုန်းက ဟန်အပြည့်နဲ့
မာနခဲလေးပေါ့ဗျာ....မာနခဲဆိုတာလဲ ဖြစ်လောက်ပါရဲ့... ကျွန်တော်က
ရုပ်ခံကလည်းရှိ၊ ချစ်ဖို့ကောင်းတဲ့ အသွင်အပြင်ကလဲ ရှိတယ်လေ... ဒါကြောင့်
ဒီလိုအခြေအနေတွေ ပေါ်မှာ ယစ်မူးသာယာခဲ့တယ်လို့လဲ ဆိုနိုင်ပါတယ်ဗျာ။
ကျွန်တော်ဆိုတဲ့လူက အမြဲတမ်းမှန်ထဲ ကြည့်ပြီး ကျွန်တော့်ရဲ့ ရုပ်အဆင်းကို
ရှိုးထုတ် ဂုဏ်ယူနေတတ်တာလေ....ပြီးတော့ ကျွန်တော်က ထူးချွန်တဲ့
အားကစားသမားတစ်ယောက်လဲ ဖြစ်ပြန်တော့ ပျိုတိုင်းကြိုက်တဲ
့နှင်းဆီခိုင်ပေါ့ဗျာ... အထက်တန်း ကျောင်းတက်ခဲ့တဲ့ ဘ၀ တစ်လျှောက်လုံးမှာလဲ
ကောင်မလေးတွေအများကြီးနဲ့ ချိန်းတွေခဲ့ရတာလဲ အမောဗျ၊ ရည်းစားမရှိတဲ့
အချိန်ဆိုတာ ခပ်ရှားရှားပဲလေ။
နောက်တစ်ခုက ကျွန်တော်ဟာ ပေါင်းရခက်တဲ့ လူစားမျိုးပေါ့၊ အမြဲ
တောင်းဆိုမှုများပြီး ဇီဇာကြောင်တဲ့လူစားမျိုးလေ...ကျွန်တော့်ဘ၀မှာ
ချစ်သူရည်းစားတွေနဲ့ ပတ်သက်တဲ့  တူညီတဲ့ ခံယူချက် တစ်ခုပဲ ရှိတယ်
အဲဒါကတော့ " ကြိုက်ရင်ကြိုက် မကြိုက်ရင် သွား " ဆိုတဲ့ လမ်းစဉ်ပေါ့ဗျာ...
အဲဒါကလဲ သီရိဆိုတဲ့ မိန်းကလေးနဲ့ မတွေ့ခင် အချိန်ထိပေါ့။
သီရိဆိုတာကတော့ ကျွန်တော့်ထက် သုံးနှစ် ငယ် တဲ့ မိန်းကလေးတစ်ဦး
ဆိုပါတော့.... သူက ရွှေအိုရောင် ဆံနွယ်ပိုင်ရှင် နတ်သမီးလေးတစ်ပါးပေါ့...
ပြီးတော့ ကျွန်တော့်နှလုံးသားကို အရည်ပျော်စေနိုင်လောက်တဲ့
ပါးချိုင့်ပိုင်ရှင် အလှဘုရင်မ တစ်ဦးလဲ ဖြစ်သလို ၊ မေ့ဖို့ကြိုးစားလို့
မရနိုင်လောက်တဲ့ အပြုံးတစ်ပွင့်ကိုလဲ အမြဲ ဆင်မြန်းထားလေရဲ့။ သူမရဲ့ 
အပြုအမူ လှုပ်ရှားမှုတိုင်းဟာ ချိုမြိန်လှပလွန်းလို့ ကျွန်တော့်ဘ၀မှာ
အသက်ရှူမှားခဲ့ရတာလဲ အကြိမ်ကြိမ်ပါပဲ။ ကျွန်တော်တို့ တွေ့ဆုံ
ဖြစ်ပြီးသိပ်မကြာခင်မှာပဲ ရင်းနှီးတဲ့ သူငယ်ချင်း
မိတ်ဆွေတွေဖြစ်သွားတယ်ဆိုပါတော့ဗျာ။ ကျွန်တော့် ဘ၀မှာ ပထမဆုံး အကြိမ်
ပျော်ရွှင်ခြင်းကို ခံစားခဲ့ရတဲ့ အချိန်တွေပဲပေါ့။
တစ်နေ့တော့ သီရိက မထင်မှတ်ပဲ ကျွန်တော့်ကို .... သူမရဲ့ ရွယ်တူ
ချစ်သူကောင်လေးနဲ့ သူမ ပြန်လက်တွဲဖို့ ဆုံးဖြတ်လိုက်တယ် ဆိုတာ
ဖွင့်ပြောလာတယ်။ ဒီစကားကိုလဲ ကြားရော ကျွန်တော့်နှလုံးသားတွေ
အစိတ်အမွှာမွှာ ကြေကွဲရတော့တာပါပဲဗျာ...ဒီဖြစ်ရပ်ကြောင့် ကျွန်တော့် ဘ၀မှာ
ပထမဆုံးအကြိမ် နာကျင်ခံစားခဲ့ရတယ်။ ကျွန်တော်ဟာ တခြားကောင်မလေးတွေနဲ
့ဆက်ပြီး ချိန်းတွေ့ခဲ့ပေမဲ့ ကျွန်တော့် နှလုံးသားကသီရိအတွက်
နေရာတစ်နေရာကတော့ အမြဲ လစ်ဟာနေခဲ့လေရဲ့။
ဒီလိုနဲ့ တစ်နှစ်လောက် သီရိနဲ့ မတွေ့ဖြစ်တော့ဘူးလေ.... နောက်ပိုင်း တော့
သီရိက ကျွန်တော်နဲ့ ပြန်တွေ့ချင်တယ်ဆိုတဲ့ အကြောင်း သူငယ်ချင်းတစ်စုက
ပြန်ပြောပြလို့ သိရတယ်။ ကျွန်တော် ၀မ်းသာလိုက်တာဗျာ ... သူမရဲ့
အပြုံးချိုချိုလေးတွေကို ပြန်တွေ့မြင်ရတော့မယ်လေ ... သာယာဖွယ်
စကားသံလေးတွေကို နောက်တစ်ကြိမ် ထပ် ကြားရတော့မှာပေါ့၊ ဒီလိုနဲ
့ကျွန်တော်တို့ နှစ်ယောက်ဟာ အရင်ကအတိုင်း ပြန်တွေ့ဆုံခဲ့ကြတာပေါ့။
ကျွန်တော်က အထက်တန်းကျောင်းပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုမှာ
အလုပ်ရခဲ့တယ်၊ ၁၉၉၀ ခုနှစ် အလုပ်သမားနေ့မှာ ကျွန်တော်က လုပ်ငန်းထဲက
အလုပ်သမားတစ်ယောက်နဲ့ အလုပ်အတူတူ လုပ်နေခဲ့တယ်။ အဲဒီနေ့က အိုက်လွန်းတော့
ကျွန်တော်က ရှပ်အကျီ် ကို ချွတ်ပြီး အလုပ်လုပ်နေခဲ့တယ်..လုပ်ရတာလဲ
အဆင်ပြေပါတယ်ဗျာ။ ကျွန်တော့်အပေါ်တည့်တည့်မှာတော့ အလုပ်သမားတစ်ယောက်က
အရည်ကျိုထားတဲ့ ကတ္တရာစေးပူပူတွေထည့်ထားတဲ့ ပုံးတစ်ပုံးနဲ
့အလုပ်ရှုပ်နေခဲ့တယ်။ ရုတ်တရက် ချက်ချင်းဆိုသလိုပဲ... ကတ္တရာစေးပုံးက
မထင်မှတ်ပဲ မှောက်ကျလာရော.... အဲဒီအချိန်မှာ ကျွန်တော့်အပေါ်ကို အဲဒီပုံး
ကျလာလား ဆိုတာကိုလဲ မမှတ်မိတော့ပါဘူး.. ဒါပေမဲ့ ကျွန်တော်သိလိုက်ရတာကတော့
ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပူလောင်နာကျင်လှတဲ့ ခံစားမှုတစ်မျိုးပါ၊
အမှန်ဆိုရရင် ကျွန်တော့် တစ်ကိုယ်လုံး ခေါင်းကနေ ခြေဖျားအထိ ကတ္တရားစေးတွေ
ဖုံးလွှမ်း ကုန်တော့တာပါပဲ။
အဲဒီနောက် ကျွန်တော့်ကို ဆေးရုံ အမြန်
ခေါ်သွားကြတယ်....ကျွန်တော့်မျက်လုံးထဲမှာတော့ ပတ်ဝန်းကျင်
တစ်ခုလုံးဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တော့ တာပဲ...ကျွန်တော့်ကံကြမ္မာက
ဘယ်လိုဖြစ်မှာလဲ ဆိုတာ မတွေးတတ်အောင်ပါပဲဗျာ ....
ဆရာဝန်တွေက ကျွန်တော့်ကို ဘယ်နှနာရီ ကြာအောင် ကုသပေးနေကြတယ်ဆိုတာ
မသိတော့ပါဘူး... နောက်ဆုံးတော့ ခွဲစိတ်အထူးကု ဆရာဝန်တစ်ယောက်က
ကျွန်တော့်ကို ငုံ့ကြည့်ပြီး ပြောရှာတယ်...
"ကျွန်တော်အမှန်အတိုင်းပြောရတာစိတ်မကောင်းပါဘူးဗျာ " ...သူပြောတာက
ကျွန်တော့်တစ်ကိုယ်လုံးရဲ့ ၅၅ ရာခိုင်နှုန်းက အပူလောင် ဒဏ်ရာ တွေနဲ့
ပြည့်နှက်နေတယ် ဆိုပါလား၊ ဒါက အဆိုးဆုံး မဟုတ်ပါဘူးလေ...ဒီထက် အရေးကြီးတာက
ကျွန်တော်တန်ဖိုးထားရတဲ့ မျက်နှာတစ်ခုလုံး ကတ္တရာစေးရဲ့ ဒဏ်ခံလိုက်ရပြီ
ဆိုတာပါပဲ... ဆရာဝန်က ကျွန်တော့်မှာ နှာခေါင်း၊ အောက်နှုတ်ခမ်း နဲ့ မေးစေ့
မရှိတော့ဘူးလို့ဆိုလိုက်ပါတယ်။
ဒီသတင်းကြားကြားချင်း ကျွန်တော် အသက်မရှူနိုင်လောက်အောင် မှင်သက် နေမိခဲ့
တယ်။ သွားပါပြီဗျာ...ကျွန်တော်မခံစားခဲ့ရဖူးတဲ
့မျှော်လင့်ခြင်းကင်းမဲ့မှုကို ကျွန်တော်ပထမဆုံး ခံစားခဲ့ရတာပဲ....ဘ၀မှာ
တင်းထားခဲ့တဲ့ အမှီအတွယ် ဆုပ်ကိုင်ထားမှုတွေ လဲ လျော့တိလျော့ရဲ
ဖြစ်ခဲ့ရပြီလေ....နောက်တစ်ကြိမ်ပြန်ပြီး အရင်ကလို အသွင်အပြင်မျိုး
မရနိုင်တော့ဘူးလေ...ဒီလိုဆိုရင် ကျွန်တော်အသက်ရှင်တာကရော ဘာထူးတော့မှာလဲ...
နောက်နာ၇ီ အနည်းငယ် ကြာအောင် ဆရာဝန်တွေက ခွဲစိတ်မှုတွေ ဆက်လုပ်ကြတယ်....
မျက်စိထဲမှာ ဘာမှမမြင်တော့ဘူး... အသက်ရှုဖို့လဲ မစွမ်းနိုင်တော့တဲ
့အခြေအနေပါပဲ... နောက် သတိပြန်လည်လာတော့ ဆရာဝန်တွေက ကျွန်တော့်ကို
ကျွန်တော့်အကိုအိမ်မှာ ထားဖို့ ပြောခဲ့ကြတယ် ...ဒါနဲ့ ကျွန်တော်ကို
အကို့အိမ်ကို သယ်လာ ကြတယ်လေ...
ကျွန်တော့်အတွက် တကယ့်ကို ငရဲပြည်ပါပဲ...ကျွန်တော်ကြားတာက ဆရာဝန်တွေက
ကျွန်တော့်ကို တစ်ခါအိပ်ရင် မိနစ်(၂၀) ထက် ပိုမအိပ်ဖို့ အကို့ကို မှာတယ်။
ကျွန်တော်လဲ ကောင်းကောင်းအိပ်လို့လဲ မရခဲ့ပါဘူး...
ကျွန်တော်တစ်ချက် နိုးလာတော့ ပထမဆုံးတွေ့လိုက်ရတာက ရင်းနှီးတဲ့
အပြုံး တစ်ခုပါပဲ.... ဒီအပြုံးပိုင်ရှင်ဟာ တခြားလူတော့မဟုတ်ပါဘူး...
ကျွန်တော့်ဘ၀ရဲ့ အလင်းနတ်သမီး သီရိပါပဲ။ ကျွန်တော့်အနေနဲ့တော့
ဒီလိုအခြေအနေမျိုးမှာသူမကို မမြင်တွေ့ချင်ပါဘူး... ဒါပေမဲ့ သူမက
ကျွန်တော့်ဘေးနားမှာ ပြုစုပေးဖို့ အတင်း တောင်းဆိုပါတယ်။ ကျွန်တော်က
လက်မခံပါဘူး...ကိုယ်ချစ်တဲ့ မိန်းကလေးကို ကိုယ့်အနားမှာ ဒီလိုအခြေအနေနဲ
့ဘယ်သူရှိစေချင်မှာလဲ.... နောက်ဆုံးတော့ ကျွန်တော်အရှုံးပေးခဲ့ပါတယ်....
သူမက ကျွန်တော့်ကို မိနစ်(၂၀) ခြား တစ်ခါလာနှိုးပေးပြီး တစ်ညလုံး
စောင့်ပေးခဲ့ပါတယ်... နေ့ဘက် အလုပ်မသွားခင်အထိပါပဲ။
ကျွန်တော့်ဘ၀တစ်ခုလုံး အထီးကျန်ဆန်ဆန်ဖြတ်ကျော်ခဲ့ရတယ်...
ကျွန်တော်လုပ်နိုင်တာက ထထိုင်ပြီး ရုပ်ရှင် ကြည့်နိုင်ရုံပါပဲ...
လှုပ်ရှားမှုတိုင်းက နာကျင်လှတယ်ဗျာ...ကျွန်တော်ဘယ်လိုဖြစ်မယ်ဆိုတာ
မသိရသေးဘူးလေ...သီရိမရှိရင်တော့ ကျွန်တော့်ဘ၀ဘယ်လိုဖြစ်မယ်ဆိုတာ
မတွေးတတ်တော့ပါဘူး... ဒီအတောအတွင်းမှာ ဆေးကုသမှုကတော့
ခံယူနေရတုန်းပဲပေါ့...
တစ်နေ့တော့ ဒရွတ်တိုက်သွားပြီး မှန်ကို ဆွဲယူနိုင်တဲ့ စွမ်းအားကို
ရရှိခဲ့တယ်... ကျွန်တော်က
အရမ်းသိချင်နေလှပြီ...ကျွန်တော့်ဘ၀တစ်လျှောက်လုံး ဂုဏ်ယူမော်ကြွားခဲ့တဲ့
မျက်နှာတစ်ခုလုံး ဘာတွေဖြစ်ကုန်သလဲ ဆိုတာပေါ့...
လပေါင်းများစွာ ကျွန်တော်ဟာ ခါးသီးစွာ ဘ၀ကို
ဖြတ်ကျော်ခဲ့ရတယ်....ကျွန်တော်က သီရိကို ကျွန်တော့်အနားကနေ ဝေးရာကို
သွားဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပါတယ်။ သူမ ကို ကျွန်တော့်အတွက်နဲ
့ဝမ်းမနည်းစေချင်ဘူးလေ...ဒါပေမဲ့ သီရိကတော့ ကျွန်တော့်ဘေးနားက တစ်ဖ၀ါးမှ
မခွာခဲ့ပါဘူး... ခိုင်မာတဲ့ စိတ်ကို ဆုံးဖြတ်ထားဟန်တူပါတယ်။ သူမက တကယ်တော့
ကျွန်တော့်ဇနီးမဟုတ်ပေမဲ့ ဇနီးလိုပဲ ချစ်ရှာတာပါလား... လူတကာ
ကြောက်ရွံ့တဲ့ ဒီလိုမျက်နှာကို သူမက လုံးဝ မမှုဘူးလေ ...
ကျွန်တော့်သူငယ်ချင်းတွေ အများစုက ကျွန်တော်နဲ့ ဝေးရာကို
ထွက်သွားကြပါတယ်....
အချိန်တွေ ကုန်ဆုံးသွားပြီးနောက် .... ဆရာဝန်ကောင်းတစ်ဦးရဲ့
ပြုစုမှုကြောင့်ပဲ ကျွန်တော့်အခြေအနေဟာ တိုးတက်လာခဲ့တယ်။ ကျွန်တော်
နောက်ဆုံးတော့ ဒဏ်ရာတွေကနေ သက်သာသွားပါတယ်။ သီရိကတော့ ကျွန်တော့် ဘေးမှာ
အမြဲတမ်း ယုံကြည်မှုအပြည့်နဲ့ ကူညီခဲ့ပါတယ်... သူမက ကျွန်တော့်ကို
ဂရုစိုက်တယ် ပြီးတော့ကျွန်တော့်ရဲ့ အဖော်မွန်ဖြစ်ခဲ့ပါတယ်... ကျွန်တော်
အသိတရားတစ်ခု ရရှိလိုက်တာက စစ်မှန်တဲ့ မိတ်ဆွေဆိုတာ လူတွေ ထင်ထားကြတဲ့
ယောကျာ်းမိန်းမကြားက ဆက်ဆံမှုထက် ပိုအရေးကြီးတယ်ဆိုတာပါပဲ။
ရင်းနှီးမှုကို ခိုင်မာစေတာကတော့ မေတ္တာတရားတွေနဲ့ တည်ဆောက်ထားတဲ့ 
ပေါင်းသင်းဆက်ဆံရေးပါပဲ။
သီရိနဲ့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဆုံတွေ့ချိန်ဟာ
တိုတောင်းလှခဲ့ပေမဲ့.... အပြန်အလှန်နားလည်မှုကတော့ နှလုံးသားထဲမှာ
ကိုယ်စီ အခိုင်အမာ ကိန်းအောင်းနေခဲ့ကြပြီလေ... ကျွန်တော်တို့
လက်မထပ်ခဲ့ကြပါဘူး... ကျွန်တော်တို့သိလိုက်တာက ... ဘ၀ တစ်လျှောက်လုံး
တည်တံ့တဲ့ ပေါင်းသင်းဆက်ဆံမှုကို ၂ ယောက်လုံး ပိုင်ဆိုင်ခဲ့ကြတာပါပဲ။
သူမကို ကျွန်တော့်ဘ၀ရဲ့ ဆိုးဝါးတဲ့ အခြေအနေ နေ့ရက်တွေမှာ အတူတူ
ဖြတ်သန်းပေးခဲ့တဲ့ အတွက် ကျေးဇူးတင်မိပါတယ်...သူမရဲ့ ကရုဏာ မေတ္တာတွေကို
ကျွန်တော့်ကို ပေးခဲ့တာအတွက်ရောပေါ့။
နောက်နှစ်အနည်းငယ်ကြာတော့... သီရိက တခြားတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်...
ကျွန်တော်လဲ တခြားမိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတယ်။
ကျွန်တော့်ဇနီးကို ကျွန်တော် အရမ်းချစ်ပါတယ်.... ပျော်ရွှင်တဲ့
မိသားစုဘ၀လေးကိုလဲ ထူထောင်နိုင်ခဲ့ပါတယ်။ နေ့တိုင်းတော့ ကျွန်တော်ဟာ သီရိ
ကျွန်တော့်ကိ ပေးခဲ့တဲ့ ကရုဏာ သင်ခန်းစာတွေကို အသုံးချဖို့
ကြိုးစားပါတယ်.... ကျွန်တော်နားလည်လိုက်တာက ကရုဏာတရားက လူတစ်ယောက်ကို
ပြုစုစောင့်ရှောက်ဖို့ အကောင်းဆုံးဆေးဝါးတစ်ခုပါပဲ...ခုတော့ ကျွန်တော်
မှန်တွေ မလိုတော့ပါဘူးလေ...
မူရင်း။ ။ Michael Clay ရဲ့ The Face of Compassion ကို သင့်လျော်သလို
ခံစား ဘာသာပြန်ပါသည်...ကျေနပ်နှစ်သက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
စာချစ်သူများကို ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment