Wednesday, August 21, 2013
အရက်သမားတွေဟာ ဆုံးမရခက်ကြောင်းကို ဒီနေ့ ဆရာတော် အရှင်ဇ၀န ဟောကြားတဲ့ တရားပွဲက ဟာသနှစ်ခု ပြောခဲ့တာကို ပြန်လည်ဖောက်သည်ချချင်ပါတယ်...
ရွာတစ်ရွာမှာ အရက်သမားတစ်ယောက်ဟာ မူးရူးပြီး သူ့မယားကို နှိပ်စက်ကလူပြုသတဲ့။ အဲ့သမှာ မယားလုပ်သူက တစ်ရွာလုံး ဖိန့်ဖိန့်တုန် ကြောက်ရတဲ့ သူကြီးကို သွားခေါ်တာပေါ့။ သူကြီးကလည်း ကွမ်းလေး တမြုံ့မြုံ့နဲ့ ရောက်လာတာပေါ့။ အရက်သမားက အိမ်အောက် ကြမ်းပြင်မှာ စန့်စန့်ကြီး အိပ်နေသတဲ့။ ပုဆိုးခါးကြားမှာလည်း အရက်တစ်ပိုင်းကို ပုလင်းလိုက် ထိုးလျက်သားနဲ့။ သူကြီးက အရက်သမားကို နှိုးပြီး ဘာမပြောညာမပြောနဲ့ အရက်ပုလင်း ဆွဲယူတဲ့ပြီး ဘေးမှာ ရှိနေတဲ့ ခွေးစားခွက်ထဲ သွန်ချလိုက်တယ်။ ခွေးက သူ့ခွေးစားခွက်ထဲ ဘာလာထည့်သလဲဆိုပြီး စူးစူးစမ်းစမ်းနဲ့ လာအနံ့ခံကြည့်တာပေါ့။ ပြီးတော့မှ မသောက်ပဲ ထွက်သွားတော့ သူကြီးက သူ့အကွက်ဝင်ပြီဆိုပြီး အရက်သမားကို ဆုံးမစကားပြောတယ်...
“တွေ့လား၊ ငမူး။ မင်းသောက်တဲ့ သေရည်တွေက ခွေးတောင် မသောက်ဘူး”
အဲဒီအခါမှာ အရက်သမားကလည်း မူးကြောင်ရူးကြောင်နဲ့ ဘာပြန်ပြောသလဲဆိုတော့...
“သူကြီး ၀ါးနေတဲ့ ကွမ်းကိုလည်း ဘယ်ခွေးမှ စားတာ မမြင်ပါ့လားဗျ” တဲ့လေ....။ အရက်သမားတစ်ယောက် ဘုန်းကြီးကျောင်းရှေ့ ယိုင်တိယိုင်ထိုးနဲ့ လျှောက်လာတော့ ဦးပဉ္ဖင်းတစ်ပါးနဲ့ တွေ့လေတယ်။ ဦးဇင်းက အရက်သမားကို နောင် အရက် မသောက်စေရန် အရက်ရဲ့အပြစ်ဆိုးကျိုးတွေကို ဟောပြောပြတာပေါ့။ အရက်သမားကလည်း “အရှင်ဘုရား၊ တပည့်တော်မှာတော့ ဟိုးအရင်ကတည်းက သောက်လာခဲ့တဲ့အရက်ကို ဇနီးမယားထက်တောင် ခင်တွယ်နေပါပြီ၊ ဖြတ်လို့မရတော့ပါဘူး” လို့ လျှောက်တင်ပြန်တော့... ဦးဇင်းက သက်ပြင်းချပြီး “ဒါဆိုလဲ လျှော့သောက်ပေါ့ ဒကာကြီးရာ” လို့ ပြန်မိန့်တယ်။
အရက်သမားလဲ “တင်ပါ့ဘုရား” လျှောက်ပြီး ပြန်သွားတယ်။ နောက်ရက်ကျတော့ ကျောင်းရှေ့မှာ အရက်သမား မှောက်ရက်ကြီးလဲနေတာ တွေ့ရလေတယ်။ ဦးဇင်းလည်း အရက်သမားကို နှိုးပြီး “ဟဲ့ ဒကာ၊ ဘယ့်နှယ့် မနေ့ကမှ လမ်းလျှောက်သေးတယ်၊ ကနေ့တော့ ခေါင်းတောင် မထောင်နိုင်ပါလား” လို့ မိန့်လေတော့ အရက်သမား လူပါးက ဘာပြန်လျှောက်သလဲဆိုတော့...
“အရှင်ဘုရား၊ အရှင်ဘုရားပြောတဲ့အတိုင်း လျှော့သောက်ဆိုတာနဲ့ တပည့်တော်လည်း ခါတိုင်း လူသုံးယောက် ဆယ်ပုလင်းသောက်ရာကနေ လူတစ်ယောက်လျှော့ပြီး နှစ်ယောက် ဆယ်ပုလင်းသောက်ခဲ့တာပဲ ဘုရား” လို့ပြောပြီး ဇက်ပြန်ကျိုးသွားသတဲ့။
ပြုံးရွှင် ပျော်ပါးနိုင်ကြပါစေ...
အိုလိုလို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment