Friday, January 2, 2015

အလှအပမက်မောမူကြောင့် ဘ၀ပျက်တတ်ကြောင်း ပြည်တွင်း/ပ မှရွှေမြန်မာ မမ၊ညီမ များသိစေရန်အိတ်ဖွင့်ပေးစာ

မိန်းကလေးတွေ လှချင်ပချင်တာနဲ့ ပတ်သက်ပြီး ဒီခေတ်ကလေးမလေးတွေဟာ အလှဗေဒကို နည်းနည်းတော့ စဉ်းစားကြစေချင်တယ်လို့ ပြောရင် မိန်းကလေးပဲလှချင်တာ ဓမ္မတာမဟုတ်လား၊ ဟိုဘက်ခေတ်ပဲ၊ ဒီဘက်ခေတ်ပဲနဲ့ ခွဲနေဦးမှားလာလို့ ပြန်ပြောချင်နေမလားတော့ မဆိုနိုင်ဘူး။
ဟုတ်တာပေါ့ … မိန်းကလေးဆိုတာ လှချင်တာပဲ၊ ဒါလူ့ဓမ္မတာပဲ။ ဟိုခေတ်ရယ်၊ ဒီခေတ်ရယ် ခွဲမနေအပ်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေ လှချင်တယ် ဆိုတာ အတိုင်းမသိ၊ အတာမသတ်၊ လှသထက် လှရမယ်ဆိုရင် ဘယ်လိုလုပ်ရ လုပ်ရ ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး။ အဲဒါကို ပြောချင်တာပါ။
မိန်းကလေးဟာ ကိုယ်ရမ်းမသိ၊ သိပ်လှချင်နေရင် အန္တရယ် အလွန်ကြီးတယ်။ ဘာပြုလို့လဲဆိုတော့ ဒို့မိန်းကလေးတွေမှာ စောင့်စည်းရမယ့် ကာယိနြေ္ဒဆိုတာက ရှိနေလို့ပဲ။ ဒါကြောင့် လှတော့ လှချင်တာပေါ့။ ဒါပေမယ့် သူ့အတိုင်းအတာနဲ့ သူသာလှချင်ရတယ်။
ဥပမာဆိုပါတော့ သဘင်နယ်က မဟုတ်တဲ့ အရပ်သူ မိန်းကလေးများက လှအောင်ပအောင် ပြုပြင်ကြတဲ့အခါ သဘင်သည်တွေကို တုပပြီး မပြုပြင်ရဘူး။ ကိုယ်ကရုပ်နဲ့ လုပ်စားတာမဟုတ်ဘူး။ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင်၊ ဗွီဒီယို၊ အဆိုတော်စတဲ့ သဘင်နယ်က မိန်းကလေးတွေကတော့ ရုပ်ရှည်နဲ့ လုပ်စားကြရတာမို့ သူတို့ က သူတို့ အတိုင်းအတာနဲ့ သူတို့ လှအောင်ပအောင် ပြုပြင်နိုင်ကြတယ်။ ဒါ သူတို့ စီးပွားရေး။ ဒါသူတို့ အသက်မွေးဝမ်းကျောင်း။ ဟိုဘက်ခေတ် (အမေတို့ခေတ်) တုန်းက မိန်းကလေး တစ်ယောက်ကို ၀တ်စားဆင်ယင်ပုံ ကြည့်တာနဲ့ ဒါ အရပ်သူပဲ၊ ဒါ သဘင်သည်ပဲ ဆိုတာ ခွဲခြားပြောနိုင် သိနိုင်သည်။
ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်စားရတဲ့ မိန်းကလေးတွေကလည်း သူ့သဘာဝနဲ့ သူ၊ သူ့အသက်မွေးမှုနဲ့ သူ၊ သူ့အပြုအမူ အနေအထိုင်၊ သူ့အမူအရာနဲ့သူ ရှိကြတယ်။ ကြည့်တတ်ရင် တခြားလူတွေနဲ့ ကွဲပြားတယ်။
ပြီးတော့ “တံခါးဖွင့်စီးပွားရေး၊ ဈေးကွက်စီးပွားရေး” ဆိုတာ ပေါ်လာတဲ့ ဒီခေတ်မှာ မိန်းကလေးတွေရဲ့ တန်ဖိုးက သိသိသာသာကြီး ကျဆင်းသွားတယ်လို့ ခံစားရတယ်။ ငွေရှင်ကြေးရှင်များက သူတို့ ကုန်ပစ္စည်း ရောင်းချရရေး၊ သူတို့ အမြတ်အစွန်း ရရှိရေးအတွက် ရုပ်ရည်သန့်ပြန့်ပြီး ငယ်ရွယ်တဲ့ လူဆင်းရဲ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်ကို သူတို့ ကုန်ပစ္စည်းနဲ့ ရောနှောပြီး ရောင်းစားနေကြတယ်။ မိန်းကလေး တွေမှာ သိတော့သိသားပဲ။ ဆင်းရဲလို့ မျက်စိမှိတ်ပြီး ထည့်ရောင်းပေးနေရတယ်။ ဒီအတွက် ဆင်းရဲရခြင်းကိုလည်း အသည်းနာလိုက်တာ။ အမြတ်အစွန်းရရေး၊ သူဌေးမြန်မြန်ဖြစ်ရေးဆိုတဲ့ နည်းလမ်းတွေထဲမှာ လူ့တန်ဖိုးက ပါပုံမရဘူး။ အထူးသဖြင့် မိန်းမရဲ့ တန်ဖိုးဟာ အကျဆင်ဆုံး ဖြစ်လိမ့်မယ် ထင်တယ်။
နောက်ပြီး လှချင်ပချင်တဲ့ သမီးမိန်းကလေးတွေကို သတိပေးချင်သေးတယ်။ မိန်းကလေးရဲ့ အရည်အချင်းမှာ သမီးကညာ ဘ၀တစ်ခုတည်းနဲ့ လမ်းဆုံးမနေစေနဲ့။ မိန်းမတွေဟာ ဒီလောကမှာရှိတဲ့ လူသားတွေရဲ့ တ၀က်တိတိရှိပြီး လူ့လောကကို ယောက်ျားနဲ့ ဆိုးတူကောင်းဖက် လက်တွဲလို့ ရင်ပေါင်တန်းပြီး တည်ဆောက်နေတဲ့ လူသား။ ပြီးတော့ မျိုးဆက်သက်ကို မွေးထုတ်ပေးပြီး ကြီးပြင်းအောင် မွေးကျွေးသုတ်သင်တဲ့ မိခင်လူသား။ ဒီတာဝန်ကို ယောက်ျားတွေက မယူနိုင်ဘူးနော။
အဲဒီတာဝန်တွေကို အပြည့်အ၀ထမ်းရွက်ကြရတဲ့ အခါ ငယ်တုန်းက ရူးလို့၊ မိုက်လို့ လှတာကို အထင်ကြီးခဲ့တာ။ လှချင်ခဲ့တာ၊ အလှကိုသာ ရှိခိုးခဲ့တာ လှဖို့ဆိုရင် ဘာမဆိုလုပ်ချင်ခဲ့တာတွေဟာ မိုက်မဲမှုပဲလို့ မြင်လာလိမ့်မယ်။
သူတို့ဆီက စကားပုံတစ်ခုက BEAUTY IS SKIN DEEP တဲ့။ အလှဆိုတာ အရေဖျား တထောက်သာ နက်တာပါတဲ့။ ဘာမှ ကြီးကြီးကျယ်ကျယ် နက်နက်နဲ့နဲ့ မဟုတ်ပါဘူးလို့ သူတို့ ဆီမှာ သွန်သင်မှုရှိပေမယ့် လှသထက်လှချင်အောင် နေ့တိုင်း နေ့တိုင်း အပြအသတွေနဲ့ ဆွဲဆောင်သွန်သင်နေတယ်။ မိန်းကလေးတွေဟာ တုပပြီး တုပပြီး လိုက်လိုက် လုပ်လိုက်ရတာ၊ အဖော်အလှစ်ပဲ ကျန်တော့တယ်။ ဒါတောင် တစ်ဝက်တစ်ပျက်ဖော်၊ တစ်ဝက်တစ်ပျက် လှစ်နေကြပါပြီ။ မိန်းကလေးရဲ့ တန်ဖိုးက ဒါတွေပဲလား။ သေသေချာချာ စဉ်းစားကြကွယ်။ ခန္ဓာကိုယ် အပြင် မိန်းကလေးမှာ ဦးနောက်နဲ့ နှလုံးသားရှိသေးတယ် ဆိုတာကို မေ့ပျောက်နေအောင် လှဖို့ ချည်း နေ့တိုင်း အဘက်ဘက်က ပညာပေးနေတာတွေကို သတိလေးထားပြီး အသိတရား ယှဉ်ပြီး လက်ခံတတ်ဖို့ အရေးကြီးပါတယ်။
မိန်းမရဲ့တန်ဖိုး၊ လူ့တန်ဖိုးမှာ ရုပ်ဆင်းရူပကာတင့်တယ်ခြင်းဆိုတာက ရာခိုင်နှုန်းနည်းနည်းပဲ ရှိတာ။ အလှဆိုတာ တစ်ယောက်တလေမှာ ဖြစ်တာ၊ လူမှာ လှတာမလှတာထက် လူ့အရည်အသွေးဖြစ်တဲ့ လုံ့လ၀ီရိယ၊ ဇွဲသတ္တိ ခံနိုင်ရည်၊ ပြီးတော့ ကြင်နာမှု၊ သနားမှု၊ အနစ်နာခံမှု၊ သူတစ်ပါးအတွက် အကျိုးဆောင်မှု၊ စွန့်လွှတ်မှု စတဲ့ အရည်အသွေးတွေ ရှိဖို့ အများကြီး ကြိုးစားလုပ်ဆောင်ရတယ်။ ဒါမှ လူ့ဘ၀မှာ လူဖြစ်ရကျိုးနပ်မယ်။
ဒါကြောင့် မိန်းကလေးတွေ အလှဗေဒကို သေသေချာချာ စဉ်းစားစေချင်တာ။ ပြီးတော့ ဒီခေတ်မှာ လှစရာ၊ လှအောင် လုပ်စရာတွေက များလိုက်တာ။ အဲဒါတွေ အတွက် ကုန်လိုက်တဲ့ ပိုက်ဆံ။ ။
လူထု ဒေါ်အမာ ရေးသားသော အမေ့ရှေးစကား စာအုပ်မှ ကောက်နှုတ်တင်ပြထားပါသည်။
မှတ်ချက်။ ။ ဤ ဆောင်းပါးတွင် ပါသော တချို့သော စာကြောင်းများနှင့် “အမေ” ဟူသော အသုံးအနှုန်းများကို ဖြောက်ပြီး ပြန်ရေးထားပါသည်။
ဒီတပတ်အတွက်တော့ မိန်းကလေးတွေရဲ့ အလှအပနဲ့ ပတ်သက်တဲ့ သတိပေး ဝေဖန်ချက်တွေကို ရေးထားတဲ့ လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား စာအုပ်ထဲက “လှသထက် လှချင်နေရင်” ဆောင်းပါးကို သူငယ်ချင်းတွေ ဖတ်ဖို့ ရွေးချယ်ပေးလိုက်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီးတော့ အခုခေတ်မှာ ပေါ်ပြူလာ ဖြစ်နေတဲ့ ကိုရီးယား မင်းသမီးလေးတွေလိုလှသထက်လှချင်နေတဲ့ ကောင် မမတွေ၊ ညီမလေးတွေ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်ပါစေကွယ်။

Monday, March 17, 2014

ယောက်ျားလေးတွေသိထားသင့်သော(၁၂)ချက်


(၁) ဦးနှောက်ရှိတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်ပြီး သူ့ကို ရင်သားမရှိ(ကြီး)ဘူးလို့ အပြစ်မဆိုပါနဲ့။
ရင်သားရှိတဲ့မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို ဦးနှောက်မရှိဘူးလို့ အပြစ်မဆိုပါနဲ့။ ဦးနှောက်လည်းရှိ၊ ရင်သားလည်းရှိ(ကြီး)တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို သဘောထား မပြည့်ဝဘူးလို့ အပြစ်မဆိုပါနဲ့။ လောကကြီးမှာ ခြောက်ပစ်ကင်းတဲ့ ယောက်ျားမရှိသလို ခြောက်ပစ်ကင်းတဲ့မိန်းမလည်း မရှိပါဘူး။
(၂) မိန်းမတွေကို သင့်ဗိုက်ထဲက သံကောင်မဟုတ်ဘူး။ သူ့ကို သင်ချစ်တယ်၊ မချစ်ဘူးဆိုတာကို သင်မပြော၊ သင်မပြဘဲနဲ့ သူသိနိုင်မှာ မဟုတ်ဘူး။
(၃) မိန်းကလေးတွေ ချွဲနွဲ့တဲ့အချိန် သူ့ကိုလျစ်လျူမရှူလိုက်ပါနဲ့။ သူ့ချွဲနွဲ့တာကို လျစ်လျူရှူရင် သူ့ကို သင်အရေးမစိုက်ဘူး၊ သင်ရင်ထဲမှာ သူမရှိဘူးလို့ သူထင်လိမ့်မယ်။
(၄) ကာမဆိုတာ မိန်းကလေးတွေအတွက် ယောက်ျားလေးတွေ ထင်ထားသလောက် အရေးမပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်သူချစ်တိုင်း သူလိုအပ်တယ်၊ သူ့ကို ပြည့်ဝစေမယ်လို့ မယူဆလိုက်နဲ့။ ဒီလိုထင်ခြင်းက သင်ဟာ ကာမကို သူ့ထက်ပိုကြိုက်တယ်လို့ သူထင်လိမ့်မယ်။
(၅) သူအင်္ကျီအသစ်ဝတ်ထားရင် သင့်လျော်တဲ့ချီးမွမ်းစကားကို ပြောပေးပါ။ အင်္ကျီက ဟိုက်လိုက်တာ၊ ပါးလိုက်တာ၊ တိုလိုက်တာလို့ပဲ အပြစ်မဆိုတတ်ပါနဲ့။ တကယ်လို့ ပါးပါး၊ ဟိုက်ဟိုက်၊ တိုတိုလေးဝတ်ထားရင် "ဒီအင်္ကျီ ခင်ဝတ်တာလှတယ်။ ဒါပေမယ့် မောင့်ကိုပဲ ၀တ်ပြရမယ်နော်"လို့ ပြောပါ။ ထက်မြက်တဲ့သူ သင့်အပြောကို သဘောပေါက်ပါလိမ့်မယ်။
(၆) "မင်း ဘာနားလည်လို့လဲ? ငါ့ကိစ္စမှာ မင်းဝင်မပါနဲ့" လို့ မကြာခဏ မပြောပါနဲ့။ မိန်းကလေးမှာလည်း မိမိကိုယ်ကိုယ်လေးစားမှု (Self-respect)ဆိုတာရှိတယ်။ သူအရမ်းချစ်တဲ့ ယောက်ျားလေးရှေ့မှာပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ်လေးစားမှု သူ့မှာရှိတယ်။



(၇) သူတစ်ယောက်ထဲ နေနေတဲ့အချိန် သူ့ကိုလွတ်လပ်ခွင့်ပေးပါ။ "နင် ဒီနေ့ ဘာဖြစ်နေတာလဲ? ထူးဆန်းလိုက်တာ" လို့ မပြောပါနဲ့။ သူငြိမ်နေတဲ့အချိန် သူ့ကိုပွေ့ဖက်ပေးထားလိုက်ပါ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ မေးခွန်းတွေ မထုတ်ပါနဲ့။



(၈) သူ့မှာလည်း လိင်ကွဲသူငယ်ချင်းတွေ ရှိလိမ့်မယ်။ စိတ်တူ သူငယ်ချင်းတွေရှိလိမ့်မယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့... မိန်းကလေးတွေဟာ ချစ်သူနဲ့သူငယ်ချင်းကို ယောက်ျားလေးတွေထက်တောင် ရှင်းရှင်းလင်းလင်း ခွဲထားတတ်ကြတယ်။



(၉) အပြင်ထွက်လည်ရင် သင်တစ်ယောက်တည်း မကြာခဏ မသွားပါနဲ့။ သဘောထားကြီးပြီး မိမိကိုယ့်ကိုယ်ဘယ်လောက်ပဲ ယုံကြည်မှုရှိတဲ့မိန်းကလေးပဲဖြစ်ဖြစ် သူနဲ့သင် အတူမသွားချင်လို့၊ သူ့ကိုစိတ်ကုန်နေပြီလို့ သူထင်တတ်တယ်။



(၁၀) မနာလို၊ ၀န်တိုတယ်ဆိုတာ မိန်းကလေးရဲ့မွေးရာပါ အတတ်ပညာဖြစ်တယ်။ သင့်အပေါ် မ၀န်တိုတတ်တဲ့မိန်းကလေးဆိုတာ သင့်ကိုတကယ်မချစ်လို့ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေက ၀န်တိုတာများလေ စိတ်ထိခိုက်၊ ခံစားရလေမို့ နောက်ဆုံးမှာ သူချစ်တဲ့သင့်ကို ခွဲသွားနိုင်ပါတယ်။



(၁၁) မိန်းကလေးတွေ လိုအပ်တဲ့အချစ်က ယောက်ျားလေးတွေလိုအပ်တဲ့အချစ်နဲ့ တူတူဖြစ်တယ်။ ဒါကြောင့် အချစ်တွေလိုအပ်တဲ့သူကို "လွန်ကဲ"တယ်လို့ အပြစ်မဆိုပါနဲ့။



(၁၂) ခိုးစားတဲ့ကိုယ့်ချစ်သူ/ယောက်ျားကို ခွင့်လွတ်နိုင်တဲ့မိန်းကလေးက အနည်းစုဖြစ်တယ်။ ကိုယ့်မိန်းကလေးကို အနည်းစုထဲထည့်ဖို့ မမျှော်လင့်ပါနဲ့။ တကယ်လို့ သူခွင့်လွတ်နိုင်ရင် မျှတတဲ့နည်းလမ်းနဲ့ သူလည်း ခိုးစားလိမ့်မယ်။



မူရင်းလင့်--http://share.youthwant.com.tw/sh.php?id=31022827&d...

Friday, January 10, 2014

နှစ်ခြိုက်စွာ အိပ်ပျော်စေသည့်နည်း ၇ နည်း


(၁) အချိန်မှန်မှန် အိပ်ပါ
မိမိ၏အိပ်ချိန်ကို သတ်မှတ်ထားပါ။ နေ့စဉ် ည(၁၀)နာရီအိပ်မည်ဟု ဆုံးဖြတ်ထားပါက ယင်းအချိန်တွင် အိပ်ဖြစ်အောင်အိပ်ပါ။ ထိုသို့ လေ့ကျင့်ထားခြင်းဖြင့် ည(၁၀)နာရီသို့ ရောက်ရှိလျှင် အိပ်ချင်လာသည့် အလေ့အကျင့်ကို ရရှိသွားလိမ့်မည်ဖြစ်သည်။ အချိန်မှန်မှန်အိပ်ခြင်းဖြင့် အိပ်ပျော်စေသည့် အလေ့အကျင့်ကောင်းကို ရနိုင်ပါသည်။


(၂) ညဥ့်နက်သည်အထိ စာမဖတ်ပါနဲ့
မိမိ၏အိပ်ချိန်ကို (၁၀)နာရီသတ်မှတ်ထားပါက မည်မျှစိတ်ဝင်စားဖွယ်ကောင်းသည့် စာအုပ်ကိုပင်ဖြစ်စေ ည(၁၀)နာရီထက်ပိုပြီး မဖတ်သင့်ပေ။
သို့မဟုတ်ပါက မိမိရရှိထားပြီးဖြစ်သော အလေ့အကျင့်ကောင်းသည် ပျက်သွား၍ မျက်စိကြောင်ပြီး အိပ်မပျော်ဖြစ်တတ်သည်။ ထိုနည်းတူ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ ကြည့်တတ်သူများသည်၎င်း၊ အင်တာနက်ကြည့်တတ်သူများသည်၎င်း၊ မိမိသတ်မှတ်ထားသောအိပ်ချိန်ကို မထိခိုက်ရန် အထူးသတိထားသင့်ကြပါသည်။ သို့မဟုတ်ပါက အလေ့အကျင့်ကောင်းသည် ပျက်စီးသွားတတ်ပါသည်။


(၃) အတွေးနယ် မချဲ့ပါနဲ့

တနေ့လုံး အလုပ်ပင်ပန်းခြင်းနှင့် စိတ်ဖိစီးမှုဒဏ်များကြောင့် ညအချိန်အိပ်ရာဝင်ခါနီးတွင် အိပ်မပျော်ဖြစ်တတ်သည်။ ထိုအချိန်မျိုးတွင် မိမိ၏စိတ်ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်လျှင် အတွေးနယ်ချဲ့ကာ စိတ်သည် ဟိုရောက်ဒီရောက်နှင့် ကမ္ဘာကိုပတ်၍ နေတတ်သည်။ ထိုအခါ တော်တော်နှင့် အိပ်၍မပျော်တော့ပါ။ ထိုအချိန်မျိုးတွင် စိတ်ကို တည်ငြိမ်အောင် အကောင်းဆုံးပြုနည်းမှာ မိမိ၏စိတ်ကို တည်ငြိမ်အောင် ပြန်လည်စုစည်းပြီး ပုတီးစိပ်ခြင်းနှင့် တရားမှတ်ခြင်းတို့ကို ပြုလုပ်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။


(၄) ကိုယ်တွင်းအနွေးဓာတ် ရရှိရန် လုပ်ဆောင်ပါ
ညအိပ်ရာဝင်ခါနီးတွင် ကိုယ်တွင်းအနွေးဓာတ်ရရှိအောင် ဆောင်ရွက်ပေးခြင်းသည်လည်း ကောင်းစွာ အိပ်ပျော်စေပါသည်။ ကိုယ်တွင်း အနွေးဓာတ်ရရှိစေရန် ရေနွေးနှင့် ရေချိုးပေးနိုင်သည်။ ရေနွေးနှင့်
ရေချိုးပေးခြင်းဖြင့် တကိုယ်လုံးရှိ အကြောများ ပြေလျော့သွားပြီး လူလည်း လန်းဆန်းလာပါသည်။ တနေ့လုံး အလုပ်လုပ်ခဲ့ရ၍ ခံစားရသော မောပန်းမှုများမှာလည်း ပျောက်ကင်းသက်သာသွားစေသည်။ စာရေးသူကိုယ်တွေ့ဖြစ်သည်။ စာရေးသူ စင်ကာပူသို့ ရောက်ရှိခဲ့စဉ်က တနေကုန်မရောက်ဖူးသေးသည့် ထင်ရှားသော နေရာများနှင့် ကုန်တိုက်ကြီးများကို တနေရာပြီးတနေရာ နေရာအနှံ့ လှည့်လည်သွားရောက် ကြည့်ရှုခဲ့ပါသည်။ ညအချိန်ရောက်မှ ဝိုင်အမ်စီအေဟိုတယ်သို့ ပြန်ရောက်ခဲ့ရာ လူမှာ မလှုပ်ချင်လောက်အောင် ပင်ပန်းနွမ်းနယ်နေပါသည်။ ပင်ပန်းလွန်းသဖြင့် ရင်မောပြီး အိပ်၍မပျော်တော့ပါ။ ရေနွေးဖြင့် ရေချိုးလိုက်ရန် အကြံပေး၏။ ရေနွေးဖြင့် ရေချိုးပြီးသောအခါ အံ့သြဖွယ်
ကောင်းလောက်အောင် လူမှာ လန်းဆန်းသွားပါသည်။ ထို့နောက် အိပ်ရာသို့
ဝင်ရောက်အိပ်သောအခါကောင်းစွာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါသည်။


(၅) ကော်ဖီ မသောက်ပါနဲ့

အိပ်ခါနီး အချို့က ကော်ဖီခါးခါးတခွက်လောက် သောက်ပြီးမှ အိပ်တတ်ပါသည်။ အိပ်ခါနီး ကော်ဖီသောက်တတ်သည့် အလေ့အကျင့်သည် ကောင်းသည်ဟု မဆိုင်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အိပ်ခါနီး ကော်ဖီသောက်ခြင်းသည်လည်း အိပ်မပျော်ခြင်းကို
ဖြစ်စေသောကြောင့် ဖြစ်သည်။ ကော်ဖီတွင် ကဖိန်းဓာတ်ပါဝင်၍ သောက်သုံးသူကို စွဲလမ်းစေသည့်အပြင် သောက်ပါများလျှင် မျက်စိကြောင်၍ အိပ်မပျော်ဖြစ်တတ်သည်။ တခုခုသောက်လိုသောဆန္ဒရှိပါက နွားနို့သောက်၍ အိပ်သင့်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံဉာဏ် ပေးတတ်သည်။ မြန်မာလူမျိုးတို့သည် အိပ်ခါနီး မိသားစုစကားဝိုင်းများတွင် လက်ဖက်သုပ်နှင့် ရေနွေးကြမ်းတို့ကို စားသောက်တတ်ကြသည်။ လက်ဖက်ကြောင့်လည်း မျက်စိကြောင်ကာ အိပ်မပျော်ဖြစ်တတ်ပါသည်။


(၆) အရက်မသောက်ပါနဲ့

အိပ်ခါနီးအချိန်တွင် အရက်သောက်ခြင်းသည်လည်း အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်စေသည်။ အချို့သူများသည် အရက်မူး ကျွဲခိုးပေါ် ဆိုသကဲ့သို့ အရက်မူးလာလျှင် စကားကို တွင်တွင်သာပြောပါသည်။ အိပ်ချိန်ရောက်လျှင် အိပ်ရန်ကိုပင် မေ့လျော့ကာနေတတ်သည်။ သို့ဖြင့် အရက်ကြောင်, ကြောင်ပြီး အိပ်မပျော်သောရက် များများလာသောအခါ စိတ်ဝေဒနာရှင်များအဖြစ်သို့ ရောက်ရှိသွားတတ်ပါသည်။


(၇) အိပ်ခါနီး ဆူညံသံကင်းရမည်

အိပ်ခါနီးအချိန်တွင် ဆူညံလွန်းသောအသံများကို ကြားရပါက အိပ်ပျော်မှုကို အနှောင့်အယှက်ဖြစ်ကာ အိပ်၍မပျော်တတ်ပေ။ တခါတရံ အိပ်ပျော်နေစဉ်ပင် လန့်၍နိုးတတ်ပါသည်။ သို့သော် သာယာငြိမ့်ငြောင်းသော တေးဂီတသံများမှာမူ အိပ်ပျော်ခြင်းကို ဖြစ်စေသည်။
ကလေးငယ်များပင်လျှင် တေးဂီတသံများကြောင့် အချိန်တိုအတွင်း အိပ်ပျော်သွားတတ်သည်။