မိန်းကလေးတွေ လှချင်ပချင်တာနဲ့ ပတ်သက်ပြီး
ဒီခေတ်ကလေးမလေးတွေဟာ အလှဗေဒကို နည်းနည်းတော့ စဉ်းစားကြစေချင်တယ်လို့
ပြောရင် မိန်းကလေးပဲလှချင်တာ ဓမ္မတာမဟုတ်လား၊ ဟိုဘက်ခေတ်ပဲ၊
ဒီဘက်ခေတ်ပဲနဲ့ ခွဲနေဦးမှားလာလို့ ပြန်ပြောချင်နေမလားတော့ မဆိုနိုင်ဘူး။
ဟုတ်တာပေါ့ … မိန်းကလေးဆိုတာ လှချင်တာပဲ၊ ဒါလူ့ဓမ္မတာပဲ။ ဟိုခေတ်ရယ်၊
ဒီခေတ်ရယ် ခွဲမနေအပ်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေ လှချင်တယ် ဆိုတာ
အတိုင်းမသိ၊ အတာမသတ်၊ လှသထက် လှရမယ်ဆိုရင် ဘယ်လိုလုပ်ရ လုပ်ရ
ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး။ အဲဒါကို ပြောချင်တာပါ။
မိန်းကလေးဟာ
ကိုယ်ရမ်းမသိ၊ သိပ်လှချင်နေရင် အန္တရယ် အလွန်ကြီးတယ်။ ဘာပြုလို့လဲဆိုတော့
ဒို့မိန်းကလေးတွေမှာ စောင့်စည်းရမယ့် ကာယိနြေ္ဒဆိုတာက ရှိနေလို့ပဲ။
ဒါကြောင့် လှတော့ လှချင်တာပေါ့။ ဒါပေမယ့် သူ့အတိုင်းအတာနဲ့
သူသာလှချင်ရတယ်။
ဥပမာဆိုပါတော့ သဘင်နယ်က မဟုတ်တဲ့ အရပ်သူ
မိန်းကလေးများက လှအောင်ပအောင် ပြုပြင်ကြတဲ့အခါ သဘင်သည်တွေကို တုပပြီး
မပြုပြင်ရဘူး။ ကိုယ်ကရုပ်နဲ့ လုပ်စားတာမဟုတ်ဘူး။ ဇာတ်၊ အငြိမ့်၊ ရုပ်ရှင်၊
ဗွီဒီယို၊ အဆိုတော်စတဲ့ သဘင်နယ်က မိန်းကလေးတွေကတော့ ရုပ်ရှည်နဲ့
လုပ်စားကြရတာမို့ သူတို့ က သူတို့ အတိုင်းအတာနဲ့ သူတို့ လှအောင်ပအောင်
ပြုပြင်နိုင်ကြတယ်။ ဒါ သူတို့ စီးပွားရေး။ ဒါသူတို့ အသက်မွေးဝမ်းကျောင်း။
ဟိုဘက်ခေတ် (အမေတို့ခေတ်) တုန်းက မိန်းကလေး တစ်ယောက်ကို ၀တ်စားဆင်ယင်ပုံ
ကြည့်တာနဲ့ ဒါ အရပ်သူပဲ၊ ဒါ သဘင်သည်ပဲ ဆိုတာ ခွဲခြားပြောနိုင် သိနိုင်သည်။
ခန္ဓာကိုယ်နဲ့ ရင်းနှီးလုပ်ကိုင်စားရတဲ့ မိန်းကလေးတွေကလည်း သူ့သဘာဝနဲ့ သူ၊
သူ့အသက်မွေးမှုနဲ့ သူ၊ သူ့အပြုအမူ အနေအထိုင်၊ သူ့အမူအရာနဲ့သူ ရှိကြတယ်။
ကြည့်တတ်ရင် တခြားလူတွေနဲ့ ကွဲပြားတယ်။
ပြီးတော့
“တံခါးဖွင့်စီးပွားရေး၊ ဈေးကွက်စီးပွားရေး” ဆိုတာ ပေါ်လာတဲ့ ဒီခေတ်မှာ
မိန်းကလေးတွေရဲ့ တန်ဖိုးက သိသိသာသာကြီး ကျဆင်းသွားတယ်လို့ ခံစားရတယ်။
ငွေရှင်ကြေးရှင်များက သူတို့ ကုန်ပစ္စည်း ရောင်းချရရေး၊ သူတို့ အမြတ်အစွန်း
ရရှိရေးအတွက် ရုပ်ရည်သန့်ပြန့်ပြီး ငယ်ရွယ်တဲ့ လူဆင်းရဲ မိန်းကလေးတွေရဲ့
ခန္ဓာကိုယ်ကို သူတို့ ကုန်ပစ္စည်းနဲ့ ရောနှောပြီး ရောင်းစားနေကြတယ်။
မိန်းကလေး တွေမှာ သိတော့သိသားပဲ။ ဆင်းရဲလို့ မျက်စိမှိတ်ပြီး
ထည့်ရောင်းပေးနေရတယ်။ ဒီအတွက် ဆင်းရဲရခြင်းကိုလည်း အသည်းနာလိုက်တာ။
အမြတ်အစွန်းရရေး၊ သူဌေးမြန်မြန်ဖြစ်ရေးဆိုတဲ့ နည်းလမ်းတွေထဲမှာ လူ့တန်ဖိုးက ပါပုံမရဘူး။ အထူးသဖြင့် မိန်းမရဲ့ တန်ဖိုးဟာ အကျဆင်ဆုံး ဖြစ်လိမ့်မယ် ထင်တယ်။
နောက်ပြီး လှချင်ပချင်တဲ့ သမီးမိန်းကလေးတွေကို သတိပေးချင်သေးတယ်။
မိန်းကလေးရဲ့ အရည်အချင်းမှာ သမီးကညာ ဘ၀တစ်ခုတည်းနဲ့ လမ်းဆုံးမနေစေနဲ့။
မိန်းမတွေဟာ ဒီလောကမှာရှိတဲ့ လူသားတွေရဲ့ တ၀က်တိတိရှိပြီး လူ့လောကကို
ယောက်ျားနဲ့ ဆိုးတူကောင်းဖက် လက်တွဲလို့ ရင်ပေါင်တန်းပြီး တည်ဆောက်နေတဲ့
လူသား။ ပြီးတော့ မျိုးဆက်သက်ကို မွေးထုတ်ပေးပြီး ကြီးပြင်းအောင်
မွေးကျွေးသုတ်သင်တဲ့ မိခင်လူသား။ ဒီတာဝန်ကို ယောက်ျားတွေက မယူနိုင်ဘူးနော။
အဲဒီတာဝန်တွေကို အပြည့်အ၀ထမ်းရွက်ကြရတဲ့ အခါ ငယ်တုန်းက ရူးလို့၊ မိုက်လို့
လှတာကို အထင်ကြီးခဲ့တာ။ လှချင်ခဲ့တာ၊ အလှကိုသာ ရှိခိုးခဲ့တာ
လှဖို့ဆိုရင် ဘာမဆိုလုပ်ချင်ခဲ့တာတွေဟာ မိုက်မဲမှုပဲလို့ မြင်လာလိမ့်မယ်။
သူတို့ဆီက စကားပုံတစ်ခုက BEAUTY IS SKIN DEEP တဲ့။ အလှဆိုတာ အရေဖျား
တထောက်သာ နက်တာပါတဲ့။ ဘာမှ ကြီးကြီးကျယ်ကျယ် နက်နက်နဲ့နဲ့ မဟုတ်ပါဘူးလို့
သူတို့ ဆီမှာ သွန်သင်မှုရှိပေမယ့် လှသထက်လှချင်အောင် နေ့တိုင်း နေ့တိုင်း
အပြအသတွေနဲ့ ဆွဲဆောင်သွန်သင်နေတယ်။ မိန်းကလေးတွေဟာ တုပပြီး တုပပြီး
လိုက်လိုက် လုပ်လိုက်ရတာ၊ အဖော်အလှစ်ပဲ ကျန်တော့တယ်။ ဒါတောင်
တစ်ဝက်တစ်ပျက်ဖော်၊ တစ်ဝက်တစ်ပျက် လှစ်နေကြပါပြီ။ မိန်းကလေးရဲ့ တန်ဖိုးက
ဒါတွေပဲလား။ သေသေချာချာ စဉ်းစားကြကွယ်။ ခန္ဓာကိုယ် အပြင် မိန်းကလေးမှာ
ဦးနောက်နဲ့ နှလုံးသားရှိသေးတယ် ဆိုတာကို မေ့ပျောက်နေအောင် လှဖို့ ချည်း
နေ့တိုင်း အဘက်ဘက်က ပညာပေးနေတာတွေကို သတိလေးထားပြီး အသိတရား ယှဉ်ပြီး
လက်ခံတတ်ဖို့ အရေးကြီးပါတယ်။
မိန်းမရဲ့တန်ဖိုး၊ လူ့တန်ဖိုးမှာ ရုပ်ဆင်းရူပကာတင့်တယ်ခြင်းဆိုတာက
ရာခိုင်နှုန်းနည်းနည်းပဲ ရှိတာ။ အလှဆိုတာ တစ်ယောက်တလေမှာ ဖြစ်တာ၊ လူမှာ
လှတာမလှတာထက် လူ့အရည်အသွေးဖြစ်တဲ့ လုံ့လ၀ီရိယ၊ ဇွဲသတ္တိ ခံနိုင်ရည်၊
ပြီးတော့ ကြင်နာမှု၊ သနားမှု၊ အနစ်နာခံမှု၊ သူတစ်ပါးအတွက် အကျိုးဆောင်မှု၊
စွန့်လွှတ်မှု စတဲ့ အရည်အသွေးတွေ ရှိဖို့ အများကြီး ကြိုးစားလုပ်ဆောင်ရတယ်။
ဒါမှ လူ့ဘ၀မှာ လူဖြစ်ရကျိုးနပ်မယ်။
ဒါကြောင့် မိန်းကလေးတွေ အလှဗေဒကို
သေသေချာချာ စဉ်းစားစေချင်တာ။ ပြီးတော့ ဒီခေတ်မှာ လှစရာ၊ လှအောင်
လုပ်စရာတွေက များလိုက်တာ။ အဲဒါတွေ အတွက် ကုန်လိုက်တဲ့ ပိုက်ဆံ။ ။
လူထု ဒေါ်အမာ ရေးသားသော အမေ့ရှေးစကား စာအုပ်မှ ကောက်နှုတ်တင်ပြထားပါသည်။
မှတ်ချက်။ ။ ဤ ဆောင်းပါးတွင် ပါသော တချို့သော စာကြောင်းများနှင့် “အမေ” ဟူသော အသုံးအနှုန်းများကို ဖြောက်ပြီး ပြန်ရေးထားပါသည်။
ဒီတပတ်အတွက်တော့ မိန်းကလေးတွေရဲ့ အလှအပနဲ့ ပတ်သက်တဲ့ သတိပေး
ဝေဖန်ချက်တွေကို ရေးထားတဲ့ လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား စာအုပ်ထဲက “လှသထက်
လှချင်နေရင်” ဆောင်းပါးကို သူငယ်ချင်းတွေ ဖတ်ဖို့ ရွေးချယ်ပေးလိုက်ပါတယ်။
ဒီဆောင်းပါးကို ဖတ်ပြီးတော့ အခုခေတ်မှာ ပေါ်ပြူလာ ဖြစ်နေတဲ့ ကိုရီးယား
မင်းသမီးလေးတွေလိုလှသထက်လှချင်နေတဲ့ ကောင် မမတွေ၊ ညီမလေးတွေ ကိုယ့်ကိုယ်ကို ဆင်ခြင်နိုင်ပါစေကွယ်။