ပအိုဝ်း တိုင်းရင်းသားတို့သည် မိမိကိုယ်ကို
နဂါးအမျိုးအနွယ်မှ ပေါက်ဖွားလာသည်ဟု ယူဆကြ၏။ မိခင်မှာ နဂါးမ ဖြစ်ပြီး
ဖခင်မှာ ဇော်ဂျီ ဟုယူဆကြသည်။ သက်ကြီးရွယ်အိုများကလည်း မိမိတို့မှာ
နဂါးမျိုးနွယ်ဖြစ်ကြောင်းနှင့် နဂါးမှ ပေါက်ဖွားဆင်းသက်လာပုံကို
လူငယ်များအား ယနေ့တိုင် ပြောဆိုနေကြသေး၏။
ပအိုဝ်းပေါက်ဖွားလာပုံ ဒဏ္ဍာရီလေးမှာ-
သက်ကရာဇ် ၄၀၀ ခန့်လောက်တွင် တိုင်းပြည်တစ်ပြည်မှ မင်းနှင့်မိဖုရားတွင်
သားတော်နှစ်ပါးထွန်းကား၏။ သားတော်နှစ်ပါးစလုံးမှာ သူတော်ကောင်း
စိတ်ဓါတ်များရှိကြသည်။ ထို့ကြောင့် အရွယ်ရောက်လာသောအခါ ခမည်းတော် မယ်တော်ထံ
ခွင့်တောင်းပြီး ရသေ့ဝတ်လဲကာ တောထွက်သွားကြ၏။
တစ်နေ့သောအခါ နဂါးမသည် လူ့ပြည်သို့ ရောက်ရှိခဲ့ရာ လူယောင်ဖန်ဆင်းပြီး
တောထဲတွင် လှည့်လည်နေထိုင်ရင်း ဟေမ၀န်၏ စိမ်းစိုသာယာမှုကြောင့်
ထိုတောထဲတွင် နေထိုင်လိုသော စိတ်ဖြစ်ပေါ်လာ၏။ မိန်းမဖန်ဆင်းပြီး တောထဲတွင်
လှည့်လည်ခဲ့ရာ နတ်ရေးသောဖူးစာကြောင့် လေလားမသိ ဇော်ဂျီနှင့်
ဖူးစာဆုံလေတော့၏။ ဇော်ဂျီသည် ထိုအမျိုးသမီးကို နဂါးမှန်း မသိချေ။
ထို့ကြောင့် နှစ်နှစ်ကာကာ ပေါင်းသင်းနေထိုင်ခဲ့ရာ နဂါးမတွင်
ကိုယ်ဝန်ရှိလာခဲ့သည်။ ကိုးလလွယ်ပြီး ဆယ်လသို့ရောက်သောအခါ နဂါးမသည်
ဥနှစ်လုံးကို ဖွားသန့်စင်ခဲ့သည်။ ထိုဥနှစ်လုံးသည် အရွယ်အစားတူညီပြီး
အလွန်လှပလေသည်။
ထိုသို့ မိမိမိန်းမက ဥနှစ်လုံးဖွားမြင်သည်ကို ဇော်ဂျီက သိရှိသောအခါ
"အလို ငါ့ အိမ်သူမသည် လူသားစင်စစ် မဟုတ်၊ မြွေမျိုး နဂါးမျိုးပါကလား" ဟု
ညည်းညူလေ၏။ ထို့နောက် စိတ်ပျက်အားငယ်ပြီး ထွက်ပြေးရန် ကြံစည်လေတော့သည်။
ထို့ကြောင့် နဂါးမကို ချိုသာသော စကားပရိယာယ်ဖြင့် ကလေးများအတွက်
ဆေးရှာထွက်ခွင့်ပေးရန် ခွင့်တောင်းလေသည်။ မိမိ၏ မိန်းမနဂါးမ
မျက်ကွယ်သို့ရောက်သောအခါ ကောင်းကင်သို့ဆန်လျက် ပျံတက်သွားလေသည်။
သုံးလေးရက်ခန့် ကြာသောအခါ နဂါးမသည် မိမိ၏ လင်တော်မောင် ဇော်ဂျီ
ပြန်လာလေနိုးဖြင့် လည်တဆန့်ဆန့်နှင့် မျှော်ကိုးနေခဲ့၏။ သို့သော်
လင်တော်မောင် ဇော်ဂျီ ပြန်မလာသဖြင့် နဂါးမသည် ယခုကဲ့သို့ ညည်းညူပြန်လေသည်။
"ငါ၏ လင်တော်မောင်သည် ကလေးများအတွက် ဆေးရှာထွက်ရာတွင် ယခုကဲ့သို့
ကြာမြင့်ရခြင်းမှာ ငါသည် နဂါးမဖြစ်ကြောင်းကို ငါ၏ လင်တော်မောင်
သိသွားသောကြောင့် ဖြစ်လိမ့်မည်" ဟု ပြင်းစွာ စိုးရိမ်ပူပန်လေ၏။ ထို့ကြောင့်
မိမိလင်ကို တွေ့လိမ့်လေနိုး ၊ တွေ့လေနိုးဖြင့် တောအနှံ့ တောင်အနှံ့
လှည့်လည်ရှာဖွေခဲ့၏။ သို့သော် မိမိလင်တော်ကို အရိပ်အယောင်မျှပင်
မတွေ့လေသဖြင့် လူမတန် ကံချကာ ပြင်းစွာဟစ်အော် ငိုကြွေးလေရှာသည်။ မိမိ၏
ရင်နှစ်သည်းချာဖြစ်သော ဥနှစ်လုံးကို ဥမင်လိုဏ်ခေါင်းထဲတွင် လုံခြုံစွာ
သိမ်းဆည်းထားခဲ့ပြီး မိမိ၏ဌာန နဂါးပြည်သို့ ပြန်သွားလေ၏။
ထို့နောက် ရသေ့တစ်ပါးသည် ထိုဥကြီးနှစ်လုံးကိုတွေ့ရှိပြီး
ကြည့်ရှုစောင့်ရှောက်ထားသည်။ ထိုဥကြီးနှစ်လုံးမှ ယောက်ျလေးတစ်ယောက်နှင့်
မိန်းခလေးတစ်ယောက်ဖွားမြင် လာခဲ့သည်။ ရသေ့ကြီးက ကျွေးမွေးပြုစုခဲ့ရာ
ကြီးပြင်လာသောအခါ ထိုအရပ်တွင် မင်းလောင်းတစ်ပါးအဖြစ် အသိအမှတ်ပြု
စိုးစံခဲ့သည်။ ယင်မင်းဆက်တို့မှာ ပအိုဝ်းလူမျိုး ဖြစ်ပေါ်လာခဲ့သည်။ ထိုမှ
တစ်ဖန် အထက်ဖော်ပြပါ ရာဇာဝင်ကြောင့် ပအိုဝ်းတို့
ရှမ်းပြည်ရောက်သွားကြသည့်ဟု ဆိုသည်။ ပအိုဝ်းတို့သည် သထုံခရိုင်ကို
သထုံကြီးဟုခေါ်ပြီး ရှမ်းပြည်တောင်ပိုင်ရှိ ဆီဆိုင်ကို သထုံကလေး ဟု
ခေါ်ကြသည်။ ယင်နေရာ နှစ်ခုတို့တွင် ပအိုဝ်းများစွာ နေထိုင်လျှက်ရှိကြသည်။
ပအိုဝ်းတိုင်းရင်းသား ပေါက်ဖွားဆင်းသက်လာပုံသည် ဒဏ္ဍာရီလား တကယ်လားဟု
စဉ်းစားစရာပင် ဖြစ်လေသည်။ ပအိုဝ်းတိုင်းရင်းသား ပေါက်ဖွားလာပုံ ဒဏ္ဍာရီသည်
မွန်ရာဇ၀င်နှင့် စေတီတော်များ သမိုင်းစာအုပ်မှ အဆိုနှင့်လည်း ဆင်နေ၏။
No comments:
Post a Comment