သတ္တ၀ါတို့၏(၀ါ) လူသားတို့၏ ပြဿနာအရပ်ရပ်ကို ဖြေရှင်းရာတွင်အကောင်းဆုံး၊
အထိရောက်ဆုံး၊လောကနီတိ၊လောကကျင့်စဉ်အတွေးအခေါ်အဘိဓမ္မာကြီးလည်း
ဖြစ်၏ဟု သဘောပေါက်ကာ အလေးအနက် စိတ်ဝင်စားပြီး လေ့လာလိုက်စားဆည်းပူးနေ
ကြကြောင်း အထောက်အထား မြောက်မြားစွာရှိပါသည်။ တစ်နည်းဆိုလျှင် လူသားတို့၏
အနာဂတ်ကာလသည် ဗုဒ္ဓ၏အဆုံးအမ (၀ါ) ဗုဒ္ဓ၏ သာသနာပေါ်တွင် တည်သည်ဟု
ဆိုလျှင် မှားမည်မထင်ပါ။ ဗုဒ္ဓဓမ္မသည် အမှန်စင်ကြယ် သန့်ရှင်းသော ကိုယ်ကျင့်လောကုတ္တရာ
လွတ်လပ်ရေး၊ သာယာဝပြောရေးတို့အတွက် အထူးအားကိုးလောက်သည့်
လမ်းစဉ်ကောင်း၊ လမ်းစဉ်မြတ်ကြီးဖြစ်သည်ဟု ဆိုရပါမည်။ ဗုဒ္ဓက ကိုယ်တိုင်စမ်းသပ်၍
မရသော (၀ါ) အစမ်းသပ်မခံနိုင်သော မည်သည့်ဘာသာ မည်သည့်အတွေး
အခေါ် မည်သည့် ကိုးကွယ်ယုံကြည်မှုမျိုးကိုမှ လက်ခံဖို့မသင့်၊ ကိုယ်တိုင်စမ်းသပ်၍
မရသော (၀ါ) အစမ်းသပ်မခံနိုင်သော မည်သည့်တန်ခိုးရှင်၊ အာဏာရှင် ဣဒိပါဒ်ရှင်တို့ကိုမှ
လည်း ယုံကြည်ဖို့မလို၊ ဗုဒ္ဓ၏ တရားတော်ကိုပင် ကိုယ်တွေ့စမ်းသပ်၍ နေရာမကျပါက
လက်ခံဖို့မလိုကြောင်း အတိအလင်း ကြေငြာခဲ့ပါသည်။ ဗုဒ္ဓတရားတော်၏ အကောင်းဆုံးသော
ထူးခြားချက်တို့အနက်၊ တစ်ခုသော ဧဟိပဿိကော၊ မည်သူမဆိုလာလှည့်၊ ရှုလှည့်
ပါဟု ခေါ်၍ပြနိုင်သော ၀ိသေသဂုဏ်ထူးပင်ဖြစ်ပေ၏။ တစ်နည်းဆိုသော်၊ ကိုယ်တွေ့
သင်ခန်းစာများ၊ အာရုံအာရမ္မဏ်္ဏိက၊ အကြားအမြင် ဗဟုသုတအတွေ့အကြုံများကို
စည်းကမ်းတကျ ချဉ်းကပ်လေ့လာသုံးသပ်သည့်နည်းပင် ဖြစ်ပါသည်။ ဤသို့ ချဉ်းကပ်
လေ့လာသုံးသပ်ခြင်းကြောင့် ရအပ်သောသမ္မာဒိဋ္ဌိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ဖြင့် အ၀ိဇ္ဇာခေါ်
အမှောင်ဓါတ် အကာသံတိုင်းကြီးကိုဖြိုခွင်းပြီး သတ္တ၀ါတွေကို သံသရာအနှောင်အဖွဲ့မှ
ကယ်တင်ခြင်းပင်ဖြစ်ပါသ်ည။ ဤလောကဟုဆိုသည့် ဘ၀သံသရာကြီးကို လေ့လာ
သုံးသပ်ရာတွင် ဗုဒ္ဓမြတ်စွာ၏ အမှန်တကယ်တွေ့ရှိရသည့်အချက်တို့မှာ သတ္တ၀ါတို့အား
ကာယိကဒုက္ခ စေသတိကဒုက္ခ၊ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းစသည့်
ဆင်းရဲဒုက္ခအမျိုးမျိုး အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးရခြင်းဆိုသည့် ဘေးအပေါင်း၊
ရန်အပေါင်းတို့ ၀ိုင်းဝန်းနှိပ်စက်ခြင်း စသည်တို့ဖြစ်ပါ၏။ ဤဘေးအပေါင်းရန်အပေါင်း
ဆင်းရဲအပေါင်းတို့သည်ရုပ်နာမ်ခန္ဓာတို့ရှိနေသမျှ ဆက်လက်တည်ရှိနေမည်သာဖြစ်ပါ၏။
ဤကဲ့သို့ အမှန်တရားကို အမှန်အတိုင်း ယထာဘူတကျကျ တွေ့မြင်သိရှိခြင်းသည်
အချို့ပုဂိ္ဂုလ်တို့မြင်သလို အနိဋ္ဌာဓမ္မ အဆိုးမြင်တရားလုံးလုံးမဟုတ်ပါ။ မည်သူမဆို
သက်ရှိသတ္တ၀ါအထူးသဖြင့်လူသားတို့ဘ၀ပြဿနာကို လေးလေးနက်နက် ဆင်ခြင်
စဉ်းစားကြည့်ပါက ဆင်းရဲမှုအစုစုသည် ချမ်းသာမှုအစုစုတို့ထက် အဆမတန် သာလွန်
များပြားကြောင်းကို တွေ့ရှိရပါသည်။ အရှေ့တိုင်း၊ အနောက်တိုင်းရှိ အတွေးအခေါ်
ပညာရှင်ကြီးတွေ သည်အတိုင်းလက်ခံယုံကြည်ကြပါသည်။ သို့သော်လည်း သူတို့သည်
ဗုဒ္ဓကဲ့သို့ ဤဒုက္ခဘောင်မှ လွတ်ကင်းကြောင်းနည်းကို ရှာမရကြပါ။ ဗုဒ္ဓသာလျှင်
ရှာတွေ့ရရှိခဲ့ပါသည်။ ဗုဒ္ဓက သူ၏တရားနည်းလမ်းသည် ယခုမျက်မှောက်၌ပင်လျှင်
ချမ်းသာသုခကိုပေးစွမ်းနိုင်၏ဟု အတိအလင်း ဒိဋ္ဌဓမ္မော ပတ္ထဓမ္မောဟု ရဲရဲတောက်
ကြေငြာခဲ့ပါသည်။ ဤပစ္စုပ္ပန်ဘ၀၌ပင်လျှင် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ၊
ကောင်းကင်ဘုံချမ်းသာတို့ထက်ထူးကဲမွန်မြတ်သောဝိမုတ္တိသန္တိသုခကိုရနိုင်၏ဟု
ကြွေးကြော်ခဲ့ပါသည် ။
ယခုဆက်လက်တင်ပြသည့် အကြောင်းအရာတို့ကို လက်စမသတ်မီ ကမ္ဘာ
အရပ်ရပ်ရှိ ခေတ်ပညာရှင်ကြီးတို့၏ နိယိုဗုဒ္ဓဇင် (Neo Buddhaism) ခေါ် ဗုဒ္ဓဘာသာနှင့်
ပတ်သက်သည့်အမြင်သစ်ကို အကျဉ်းအားဖြင့် အောက်တွင်ဖေါ်ပြလိုပါသည်။
ရာဒါခရစ္စနန်ဆိုသူသည် ကမ္ဘာကျော်ပညာရှင်၊ အိန်္ဒိယခေါင်းဆောင်ကြီးသည်
တရုတ်ပြည်သို့ အလည်အပတ်သွားရောက်စဉ်က တရုတ်ဗုဒ္ဓဘာသာဝင်တို့အား
ဟောပြောခဲ့သည်ဆိုသည့် စကားရပ်အချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
““အာရှတိုက်သားအချင်းချင်းစိတ်တူ၊ သဘောတူဖြစ်ဖို့အတွက် ဗုဒ္ဓဘာသာ
ပြန်လည်ထွန်းကားရေးသည် အကြောင်းရင်းဖြစ်ပါသည်။ ယခုအခါ ကျွန်ုပ်တို့သည်
(အိန်္ဒိယ) ဗုဒ္ဓဘာသာသို့ ပြန်လည်စိတ်ဝင်စားလာပါသည်။ အိန်္ဒိယတွင် ယခုတလော
ဘာသာရေးစိတ်ဓါတ်နိုးကြားတက်ကြွနေရာ ဗုဒ္ဓနှင့် ဗုဒ္ဓတရားတော်သည် ပြန်လည်
ထွန်းကားလာပါကြောင်း။ ဗုဒ္ဓသည် ဟင်ဒူဘာသာကို မဆန့်ကျင်ပါ။ ပြင်ဆင်ခြင်းသာ
ဖြစ်ပါသည်ဟု အများယုံကြည်ကြပါသည်။ ဗုဒ္ဓ၏မူလအခြေခံတရားသည် ဥပနိသျှခေါ်
ဟင်ဒူအခြေခံကျမ်းရင်းအမြစ်မှ ပေါက်ပွားလာခြင်းဖြစ်ပါသည်။ ယခုအခါ အိန်္ဒိယနိုင်ငံ
အနယ်နယ်အရပ်ရပ်တွင် ဗုဒ္ဓဘာသာကျောင်းသစ်ကြီးများ၊ ဇရပ်သစ်ကြီးများ အပြိုင်
အဆိုင်ပေါ်ထွက်လျက်ရှိပါပြီ။ အာရှတိုက်တွင် ဘာသာရေးစိတ်ဓါတ် လှုံ့ဆော်
မြင့်တင်ရာတွင် အိန်္ဒိယနိုင်ငံသည် အလွန်အရေးပါသည့် အခန်းတွင် တစ်ဖန်ပြန်လည်
ဝင်ရောက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။””
ကမ္ဘာ့ဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ မြန်မာနိုင်ငံ တရား
လွှတ်တော်ချုပ်၏ တရားသူကြီးဟောင်းတစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံ
ဗုဒ္ဓဘာသာဝင်တို့၏ ခေါင်းဆောင်ကြီးတစ်ဦးလည်းဖြစ်သူ ဦးချန်ထွန်းက
ပြောပြသည်မှာ -
““
လောကဓါတ်သိပ္ပံပညာရှင်သည် အပြင်လောကကို စူးစမ်းရှာဖွေသကဲ့သို့
ဗုဒ္ဓသည်စိတ်၏အတွင်းလောက (၀ါ) ၀ိညာဉ်လည်း ခေါ်နိုင်ပါသည်။ အကြောင်းကို
စူးစမ်းရှာဖွေခဲ့ပါသည်။ ဗုဒ္ဓဓမ္မသည် လူသား၏ ကိုယ်တွေနှင့်
ထိုးထွင်းဉာဏ်ကိုသာ အသားပေးထားပါသည်။ အသိအလိမ္မာဉာဏ်နှင့်ပတ်သတ်၍
သိပ္ပံပညာသည် ဗုဒ္ဓတရားတော်နှင့်အငြင်းပွားမှု လုံးလုံးမရှိပါ။ သိပ္ပံပညာသည်
နောက်ပိုင်းတွင် မည်မျှထွန်းကားတိုးတက် ဆန်းကျယ်လာသည်ပင်ဖြစ်စေ၊
ယခုအတိုင်းပင်နေပါမည်။ သိပ္ပံပညာသည် မည်မျှပင်ပြုပြင်ပြောင်းလဲ
တိုးတက်အောင်မြင်လာသော်လည်း ဘယ်သောအခါမှဗုဒ္ဓဓမ္မကို ကျော်တက်မသွားနိုင်ပါ။
(၀ါ) တိုက်ဖျက်မပစ်နိုင်ပါ။ အနောက်တိုင်း ခရစ်ယာန်လောက၏
ဘာသာရေးနှင့်လောကဓါတ်သိပ္ပံ အငြင်းပွားမှုတွင် သိပ္ပံပညာသည် အမြဲဆိုသလို
လက်လျော့ပေးရ၏။ ဗုဒ္ဓဓမ္မသည် လောကဓါတ်သိပ္ပံကို ပညာရေးအားပေးသည်ဟု
အသိအမှတ်ပြုကာ အမြဲကြိုဆို၏။ အကြွင်းမဲ့ ယုံကြည်လေးစားခြင်းကို အမြဲတစေ
တောင်းဆိုသောဘာသာများနှင့်မတူဘဲ ဗုဒ္ဓဓမ္မသည် အမှန်တရားနှင့် တကယ်အဖြစ်ကို
အမှန်အတိုင်းတကယ် အဖြစ်အတိုင်း၊ ကိုယ်တိုင်အားထုတ်၊ ကိုယ်တိုင်သိရှိ၊
ကိုယ်တိုင်တွေ့ထိသောနည်းပင်ဖြစ်ပါသည်။ ယထာဘူကျကျသုံးသပ်၊ ဓမ္မဓိဋ္ဌာန်ကျကျ
ခွဲခြမ်းစိတ်ဖြာ၊ ဝေဖန်သောနည်းပင်ဖြစ်ပါသည်။ ဒဿနကဗေဒခေါ်
ဗုဒ္ဓအတွေးအခေါ်ပညာသည်လည်း ဆင်ခြင်တုံတရား၊ ကိုယ်တွေ့သင်ခန်းစာ စသည်တို့နှင့်
ကိုက်ညီပါသည်။ သိပ္ပံပညာပြဋ္ဌာန်းသော စကြ၀ဠာပုံစံနှင့်လည်း ယေဘုယျအားဖြင့်
ကိုက်ညီပါသည်။ သဘာဝဓမ္မခေါ် နိယာမတရားမှတစ်ပါး အခြားမည်သည့်အရာကိုမျှ
ယုံကြည်ရန်မရှိဟု ဆိုထားပါသည်။
ဦးချန်ထွန်းက ဆက်လက်၍ -
““
ဗုဒ္ဓရှုထောင့်မှ ပြောရလျှင် ခေတ်ပေါ်လောကဓါတ်သိပ္ပံပညာ၏
သဘောတရားအားလုံးတို့သည် ပကတိ အစကနဦးကတည်းက ထင်ရှားတည်ရှိသော
တရားများဖြစ်ပါသည်။
သိပံ်္ပပညာ၏ဘိုင်အိုလော်ဂျီခေါ်ဇီဝဗေဒသို့မဟုတ်သတ္တဗေဒမှသည်
သပစ္စယဓမ္မကြောင်းကျိုးဆက်သွယ်ရေးသဘာဝတရားတို့သည်
ဂေါတမဗုဒ္ဓဟောတော်မူထားသော မည်သည့်အတရားနှင့်မျှ ဆန့်ကျင်ခြင်းမရှိပါ။
လောကဓါတ်သိပ္ပံဆရာကြီး အိန်စတိန်းကိုယ်တိုင်ပင် ““ခေတ်ပေါ်သိပ္ပံပညာကို
လက်ခံနိုင်သောဘာသာတရားတစ်စုံတစ်ရာရှိပါက ယင်းဘာသာတရားသည်
ဗုဒ္ဓဘာသာပင်ဖြစ်ရမည်”” ဟု ဟောကိန်းထုတ်ခဲ့ပါသည်။ သို့သော်လည်း သိပ္ပံပညာသည်
မည်သည့်
အတိုင်းအတာအထိဗုဒ္ဓ၏နှုတ်ကပါတ်တော်ကိုထောက်ခံအတည်ပြုသနည်းဆိုသည်
ကိုကား အိန်စတိန်း
အသေအချာသိရှိသွားမည်မထင်ပါ။ ဤသို့ကြီးကျယ်မြင့်မြတ်သည့် ဗုဒ္ဓတရားတော်သည်
လူသတ္တ၀ါအပေါင်းတို့အား အခါမလင့်အကျိုးပြုကြောင်းကို မည်သူမျှ
မငြင်းနိုင်ပါ။ ဆူပူသောင်းကျန်းမှုတို့ဖြင့် ပလောင်ဆန်နေသည့်
ဤကမ္ဘာကြီးကိုလည်း ငြိမ်သက်
အေးချမ်းသာယာဝပြောသည့် ကမ္ဘာအဖြစ်သို့ ပြောင်းလဲကယ်တင်ပေးမည်သာ ဖြစ်ပါကြောင်း။
ထို့နောက်
ဦးချန်ထွန်းသည် ဗုဒ္ဓတရားတော်နှင့် ခေတ်ပေါ်သိပ္ပံပညာတို့
တူညီမှုရှိသည့်အကြောင်းကို ရှင်းပြရာ ““ သက်ရှိသတ္တ၀ါအပါအ၀င် အားလုံးသော
သဘာဝတရားတို့သည် အမြဲမပြတ် ဖြစ်ကာပျက်ကာနေသည့်
စွမ်းအင်၏အစဉ်သာဖြစ်ကြ၏။ဇီဝဗေဒ သို့မဟုတ် သတ္တဗေဒ
ပြုပြင်ပြောင်းလဲမှုအစဉ်အလာဆိုသည်နှင့် ၀ိညာဏ်ဆိုင်ရာပြုပြင်ပြောင်းလဲမှု
အစဉ်အလာတို့သည်
တစ်ခုနှင့်တစ်ခုတူညီမှုရှိကြ၏ဘ၀ကိုတပ်မက်မှုခေါ်ဘ၀တဏှာသည်ပြုပြင်ပြောင်းလဲမှု
အစဉ်အလာ၏
အကြောင်းရင်းဖြစ်၏။
ဦးချန်ထွန်းနှင့် ၎င်း၏ မိတ်ဆွေသင်္ဂဟများသည် (ဗုဒ္ဓအဘိဓမ္မာ ခေတ်သစ်
အမြင်ဖြင့်ရှုသူများ) အဆိုပါကိစ္စအားလုံးတို့ထက် အောက်ပါအကြောင်းနှစ်ပါးကို
အလေးအနက်အသားပေး ဟောပြောကြပါသည်။
(၁) ဗုဒ္ဓဓမ္မသည်
နက္ခတ်ဗေဒနှင့် ကိုက်ညီပါသည်။ ကမ္ဘာလောကအမြောက်အမြားရှိ ကြောင်း အစကနဦး
ဗုဒ္ဓကဟောကိန်းထုတ်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ ကမ္ဘာ့မြေပြင်တစ်ခုတည်းသော
သက်ရှိသတ္တ၀ါများ ပေါက်ဖွားရာ ဂြိုလ်နက္ခတ်မဟုတ်။ အခြာအလားတူ ဂြိုလ်နက္ခတ်လည်း
မရေတွက်နိုင်အောင် များပြားလှပါ၏။
(၂) ဗုဒ္ဓ၏
ကံတရားကိုအခြေခံထားသည့် ဇာတိပဋိသန္ဓေတရားသည် သမိုင်းရာဇ၀င်အကြောင်းတို့ကို
အပြည့်အစုံ နားလည်သိရှိနိုင်ရေးအတွက် အသုံးဝင်ပါသည်။ဤတွင်ဆိုလိုသည်မှာ၊
ဗုဒ္ဓတရားတော်အရ၊ ဘယ်တော့မှ မသေကြေ မပျက်စီးဆိုသည့်အသက် ၀ိဉာဏ်ဟူသည်
မရှိသော်လည်း ဤသင်္ခါရလောကကြီးတွင် လူ၊ ပုဂိ္ဂုလ်သတ္တ၀ါဟုဆိုသည်မှာ
သိစိတ်ကလေးတွေ တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ အမြဲမပြတ်
ဒရစပ်ဖြစ်လိုက်ပျက်လိုက်နေသည့်အစဉ်ကို ခေါ်သည်ဟု သိရပါမည်။
ယင်းဖြစ်ပျက်အစဉ်ကို အာသဝေါကင်းသော (၀ါ) အစွဲကင်းသော စိတ်စေတနာ ဇောဖြင့်
သတ္တ၀ါ၏ ဘ၀ရေစီးကြောင်းကို ပြောင်းပေးနိုင်ပါသည်။ သက္ကာယဒိဋ္ဌိခေါ်
ငါစွဲဆိုသည်မှာ အမှန်တရားမဟုတ်၊ စိတ်လှည့်စားမှုကြောင့် မမှန်သည်ကို
အမှန်ဟုစွဲယူနေခြင်းဖြစ်၏။ အ၀ိဇ္ဇာ မသိမှုလည်းခေါ်၏။ ယင်းအ၀ိဇ္ဇာ
မသိမှုဆိုသည်မှာ သက်ရှိပုဂိ္ဂုလ် သတ္တ၀ါဟုခေါ်သည့် ရုပ်နာမ်ခန္ဓာပရမတ္တ
သဘာဝတို့၏ ဖြစ်ပျက်အစဉ်ကို မသိခြင်းပင်ဖြစ်၏။ အဆိုပါဘ၀ရေစီးကြောင်းကို၊
ကံတရားက (၀ါ) အကောင်းလုပ်လျှင်အကောင်းဆုံး မကောင်းလုပ်လျှင်၊
မကောင်းဖြစ်၏ဆိုသည့် နိယာမကိုယ်ကျင့်တရားက ထိန်းကျောင်းထားပါသည်။ ကံတရားကို
ထူးသောဉာဏ်ဖြင့်ထိုးထွင်းသိမှသာလျှင် ဤလူ့ဘောင်လောကတွင် တစ်ဦးနှင့်တစ်ဦး
မညီမျှမှုများ ဆန့်ကျင်မှုများ ဆန့်ကျင်မှုများအကြောင်းကို ကောင်းကောင်းကြီး
နားလည်နိုင်မည်ဖြစ်ပါသည်။
အလားတူ
သဘောထားများကို ထိုင်းလန်း(ယိုးဒယား) အမြင်သစ်၊
ဗုဒ္ဓဘာသာဝင်ခေါင်းဆောင်များကလည်း လက်ခံယုံကြည်ကြပါသည်။
နာမည်ကျော်ဗုဒ္ဓဘာသာဝင် ထိုင်းလန်း(ယိုးဒယား) ခေါင်းဆောင်ကြီး ဒေါက်တာ
သူရိယဒေါင်းဆိုသူက ““ဗုဒ္ဓဓမ္မသည် ယုံကြည်ကိုးကွယ်ရေးအတွက် ဘာသာတရားမဟုတ်၊
ဉာဏ်အမြင်အတွက် ဘာသာတရားသာဖြစ်၏။ ဘ၀၏ အမှန်ဖြစ်စဉ်များကို သမ်္ပဇဉ်ဉာဏ်ယှဉ်၍
သိတတ်မြင်တတ်သည့် တရားဒေသနာသာဖြစ်၏။””ဟု ဟောကိန်းထုတ်ပါသည်။
ဤနည်းအတိုင်းပင် ဂျပန်အမြင်သစ် ဗုဒ္ဓဘာသာခေါင်းဆောင်များက
““ဗုဒ္ဓဘာသာနှင့်သိပ္ပံပညာသည် တူညီခြင်းရှိကြသည်ဟု ဆိုကြပါသည်။
ဂျပန်ဗုဒ္ဓဘာသာ““ကမာဝါ”” တက္ကသိုလ်မှ ပရိုဖက်ဆာ ဆရာကြီး ကိုချီမိတို၏
ဆောင်းပါးတစ်ခုတွင် ရေးသားထားသည်မှာ၊ ““အရှေ့အာရှတိုက်အတွင်း၌
ဗုဒ္ဓဘာသာထွန်းကားရာဒေသများတွင် သိပ္ပံပညာနှင့် ဗုဒ္ဓဘာသာတို့သည်
တစ်ဦးနှင့်တစ်ဦးစွက်ဖက်နှောင့်ယှက်ခြင်းမရှိဘဲ
တိုးတက်လာကြပါသည်။
ယင်းဒေသများသို့ ထိုအနောက်တိုင်းနိုင်ငံများမှ သွတ်သွင်းလာသည့်
သိပ္ပံပညာ၏
ဘာသာရေးဆန့်ကျင်မှုကြောင့် သိပ္ပံပညာသည် လွတ်လပ်မှုကောင်းကောင်မရခဲ့ပါ။ ဗုဒ္ဓအတွေးအခေါ်သည်
အစဉ်သဖြင့် အမှန်တရားကို အမှန်အတိုင်းဝေဖန်ရာမှ အစပြုပါသည်။””
ဂျပန်ပြည်
တိုကျိုဗုဒ္ဓဘာသာ ယူနီဗာစတီမှ ပရိုဖက်ဆာကြီး ဒေါက်တာရီးတိုမဆူနဂါးကလည်း
အောက်ပါအတိုင်း သုံးသပ်သည်ဟု ဆိုပါသည်။
““လောကဓါတ်သိပ္ပံထွန်းကားနေသည့် ယခုခေတ် ကမ္ဘာတွင် အသိပညာရှင်၊ အတတ်
ပညာသုတေသီတို့က၊ သိပ္ပံနည်းနာနိသျတို့နှင့် မဆန့်ကျင်၊ လောကဓါတ်သိပ္ပံကို
လက်ခံသည့်ဘာသာကို တောင်းဆိုနေကြပါသည်။ ဤတောင်းဆိုချက်သည်ကား အခြားမဟုတ်၊
မနုဿလူသားတို့၏ ဉာဏ်ပညာ၏ ယထာဘူတ ဆင်ခြင်တုံ တရားသာဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာသည် ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းရာဖြစ်သောကြာင့်””
““ဘုရားတစ်ဆူတည်းသာရှိသည်””ဟူသော ဘာသာတရားများထက် ပိုမိုတန်ဖိုးထားကြပါသည်။
ကမ္ဘာ့ယဉ်ကျေးမှုသည်လည်း သိပ္ပံနှင့်အတူ ယှဉ်တွဲရပ်တည်နိုင်သော
ဘာသာကိုအခြေပြုသင့်ပါသည်။ ဗုဒ္ဓဘာသာသမိုင်းတလျှောက်တွင်
ဘာသာရေးယုံကြည်မှုနှင့် သိပ္ပံအတတ်ပညာတို့၏ ပဋိပက္ခဆိုသည်မှာ အလျဉ်းမရှိခဲ့ပါ။
သိပ္ပံပညာရှင်များ ညှင်းပန်းနှိပ်စက်မခံခဲ့ကြရပါ။အဘယ့်ကြောင့်ဆိုသော်
ဗုဒ္ဓဘာသာသည် သိပ္ပံပညာကို မကန့်ကွက်ခဲ့ပါ။ ယခုအခါသမယ၌ သိပ္ပံပညာကို
ဦးစီးခေါင်းဆောင်ပြုနိုင်သည့် ဘာသာရေးပညာဉာဏ်လိုနေပါသည်။ လက်ရှိခေတ်သည်
ဗုဒ္ဓဘာသာ၏ ယထာဘူတ အမှန်တရားကို အထူးလိုနေသည့်ခေတ် ဖြစ်ပါသည်။
ဤကိစ္စနှင့်ပတ်သတ်၍ သီဟိုဠ်နိုင်ငံတော် ဗုဒ္ဓဘာသာ ယူနီဗာစတီကျောင်းကြီ၏
ဥက္ကဋ္ဌလည်းဖြစ်၊ ဗုဒ္ဓဘာသာစွယ်စုံကျမ်းကြီး၏ အယ်ဒီတာလည်းဖြစ်သောဒေါက်တာ
မလာကာဆေကာရဆိုသူ ကမ္ဘာကျော်ပညာရှင်ကြီးကလည်း အောက်ပါအတိုင်း
အမိန့်ရှိပါသည်။ဗုဒ္ဓဓမ္မသည် သိပ္ပံပညာထက် သာလွန်၍ ဘ၀ကို အမှန်အတိုင်းမြင်သည့်
တရားပင်ဖြစ်ပါသည်။အမှန်ကိုအမှန်အတိုင်းနားလည်ခြင်းဖြင့် လက်တွေ့လောကတွင်
မှန်သောကိုယ်ကျင့်စာရိတ္တနှင့် မှန်ကန်သော နည်းနိသျများသည် သေချာသွား၏။
ဤရည်မှန်းချက်များအတွက် ဆင်ခြင်တုံတရားသက်သက်နှင့် မလုံလောက်ပါ။ ဤနေရာတွင်
အရေးကြီးသည့်အချက်သည်ကား လူသားတို့၏ သာမန်အသိဉာဏ်လောက်နှင့်
အလွန်ခက်ခဲနက်နဲသည့် ပရမတ္ထအမှန်တရားကိုထိုးထွင်း၍
မသိမြင်နိုင်ခြင်းပင်ဖြစ်၏။
လူသား၏
စိတ်ဓါတ်သည် နောက်ဆုံးပရမတ္ထအလွန်နက်နဲသိမ်သဘာဝအမှန်တရားနှင့် ပတ်သတ်လျှင်
အကန့်အသတ်ရှိ၏။ (၀ါ) ကျဉ်းမြောင်။ ဗုဒ္ဓဘာသာသည် ပရမတ္ထအမှန်တရားကို
ဘုရားဟုယုံကြည်၏။ ဗုဒ္ဓသည် ၎င်း၏အဆုံးအမကို အတက္က၀စရာ
ဆင်ခြင်တိုင်းထွာသောနည်းဖြင့်မရ (၀ါ) ဒဿနိကဗေဒ နည်းသက်သက်ဖြင့်မရ။
အလွန်သိမ်မွေ့၏။ မြင်သိရန်အလွန်ခက်ခဲ၏။ သို့သော်လည်း ငြိမ်သက်အေးချမ်း၍
ချမ်းသာမှုကို အပြည့်အ၀ပေးနိုင်သော တရားဖြစ်၏။
စိတ်ကူးဖြင့်တော့မချဉ်းကပ်နိုင်။ ပညာရှိသာလျှင် ချဉ်းကပ်နိုင်၏။(၀ါ)
နားလည်နိုင်၏။ ဗုဒ္ဓဘုရားရှင်မူကား အကြောင်းအားလျော်စွာ သင့်သလို
သိပ္ပံနည်းကျကျ ဝေဖန်စစ်ဆေးကြည့်နိုင်၏။ ဗုဒ္ဓ
ပရိနိဗ္ဗာန်ပြုတော်မူပြီးသည့်နောက်ပိုင်းတွင် များစွာသော
ဗုဒ္ဓ၀ါဒီဂိုဏ်းပေါင်းစုံတို့သည်၊ ဒဿနိက
သတ္တဗေဒဆိုင်ရာအတွေးအခေါ်ပညာအမျိုးမျိုးတို့ကို တခမ်းတနားဖေါ်ထုတ်ကြကုန်၏။
သို့သော်လည်း အခြေခံ ဗုဒ္ဓရှုထောင့်မှကြည့်လျှင် အမှန်တရားအားလုံးကို
ဆင်ခြင်တရားရိုးရိုးဖြင့်မရနိုင်။ သိပ္ပံပညာသာ တန်ဖိုးရှိသည်။
သိပ္ပံနည်းကျသော ပိဋက၊ သိပ္ပံနည်းကျသော အကြောင်းအရာ၊ အမျိုးအစားတို့သာလျှင်
မှန်သည်ခိုင်လုံသည်ဟု တစ်ဖက်သတ်ယူလျှင် နယ်ချဲ့ဝိညာဏ်ဝါဒ
ဖြစ်သွားတတ်ပါသည်။သိပ္ပံနည်းကျခြင်းသည် ပညာဉာဏ်ပြောင်မြောက်သော်လည်း
မှားတတ်သော၊ ယဉ်ကျေးမှု အနုပညာသားပါသည့် နည်းပေါင်းမြောက်မြားစွာတို့အနက်
တစ်နည်းသာဖြစ်၏။ အမှန်တရားကို လွတ်လွတ်ကျွတ်ကျွတ် စူးစမ်းရှာဖွေရာတွင်
တစ်နေရာမှတစ်နေရာသို့၊ တစ်ဆင့်မှတစ်ဆင့်သို့လွတ်လပ်စွာ သွားလာလှုပ်ရှား၍
ပိုင်းခြားဝေဖန် စုံစမ်းစစ်ဆေးဖို့ လိုပါသည်။
အထက်နားတွင်
ဖေါ်ပြခဲ့သည့် ဂျပန်နိုင်ငံမှ ပရိုဖက်ဆာဆရာကြီး ကိုချီမိုတိုက
၎င်း၏““လောကဓါတ်သိပ္ပံနှင့် ဗုဒ္ဓဘာသာ””ခေါ် ဆောင်းပါးတွင် သိပ္ပံပညာနှင့်
ဘာသာရေးတို့၏ ကွာခြားချက်ကို ဖေါ်ပြထားသည်မှာ -
ဗုဒ္ဓက
အ၀ိဇ္ဇာခေါ် မသိမှုသည် လူသားတို့ ဒုက္ခဆင်းရဲရခြင်း၏အကြောင်းရင်း
ဖြစ်သည်ဟုဟောတော်မူပါသည်။ ဗုဒ္ဓ၏ အမှန်တရားသည် သိပ္ပံပညာ၏
အမှန်တရားနှင့်မတူပါ။ ဘာသာရေးအမှန်တရားသည် လူပုဂိ္ဂုလ်အတွက် လုံးလုံးဖြစ်၏။
သိပ္ပံပညာ၏ အမှန်တရားသည် အများအားဖြင့် သိပ္ပံပညာအတွက်သာ ဖြစ်ပါသည်။
လူသားကိုလျစ်လျူရှုတတ်ပါသည်။ တစ်ခါတစ်ရံ လူသားကိုပင် ပျက်စီးစေနိုင်ပါသည်။
ဤရှုထောင့်မှကြည့်လျှင် သိပ္ပံပညာ၏ နယ်နိမိတ်ဘောင်အတွင်း၌ပင်လျှင်
ဗုဒ္ဓဘာသာရေးထိုးထွင်းဉာဏ်၏ ဦးဆောင်မှုကို ဗုဒ္ဓဘာသာဝင်များက
တောင်းဆိုကြပါသည်။
ဘာသာရေးထိုးထွင်းဉာဏ်၏ ဦးဆောင်မှုကို ဗုဒ္ဓဘာသာဝင်များက တောင်းဆိုကြပါသည်။
ဘာသာရေး ထိုးထွင်းဉာဏ်သည် သိပ္ပံနည်းကျကျတွေးခေါ်ခြင်းနှင့် လူ့အကျင့်စာရိတ္တ၊
လူ့အသိအလိမ္မာ ဉာဏ်ပညာနှင့် တာဝန်ဝတ္တရားစသည်တို့စပ်ကြား တံတားခင်း၍
ပြေလည်အောင် ဆက်စပ်ပေးနိုင်သည်ဟု ဆိုကြပါသည်။ ဗုဒ္ဓဘာသာသည်
သိပ္ပံနည်းအတွေးအခေါ်ကို သမ္မဇဉာဏ် ယှဉ်နိုင်၏။ သို့သော်လည်း ယင်း၌လည်း
လမ်းမဆုံးပါ။ ဗုဒ္ဓဘာသာသည် ကိုယ်ကျင့်တရား၏ အဓိပ်္ပါယ်ကို နားလည်သိရှိ၍
ကောင်းစွာထိန်းသိမ်းရန် သိပ္ပံ၏ အသီးအပွင့်တို့ကို အသုံးပြု၏။
အိန်္ဒိယပြည်၌
သန်းပေါင်း (၁၄၀) မျှသော ဇာတ်နိမ့် ဟင်ဒူလူမျိုးများ၏ ခေါင်းဆောင်ကြီး
ကွယ်လွန်သူ ဒေါက်တာဘီအာရ်အမ်ဘက္ကားက ယင်း၏ ဇာတ်နိမ့်သူတို့အား
အစုလိုက်အပြုံလိုက် ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် တိုက်တွန်းစဉ်အခါက
လူမှုရေးနှင့် ကိုယ်ကျင့်တရားတို့နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာသည်
လက်တွေ့နိုင်ငံရေး သင်ခန်းစာတစ်ခုဖြစ်လာကြောင်း။ ပဌမဦးဆုံး
ကိုလံဘိုမြို့တွင် ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာ အစည်းအဝေးကြီးတွင်
ဒေါက်တာအမ်ဘက္ကားက မိမိဗုဒ္ဓဘာသာသို့
ကူးပြောင်းသည့်ကိစ္စနှင့်ပတ်သက်၍ပြောဆိုရာတွင် ““အပယ်ခံ ဇာတ်နိမ့်သူတို့အား
လူအဖြစ်အသိအမှတ်ပြုခံနိုင်သော မျှော်လင့်ချက်သည် ဗုဒ္ဓဘာသာပင်ဖြစ်၏။”” ဟု
ထုတ်ဖေါ်ကြေငြာလိုက်၏။ လက်ရှိလူမှုရေးနှင့် နိုင်ငံရေးပြဿနာများကို
ဖြေရှင်းရာတွင် ဗုဒ္ဓဘာသာမှထောက်ပံ့သော အရေးပါအရာရောက်သည့်အကူအညီထက်
ကောင်းမွန်ခိုင်မာသည့်
သက်သေခံချက် ကမ္ဘာသို့ တင်ပြနိုင်မည်မဟုတ်ပါ။
သတင်းအရ၊
၁၉၅၆-ခု၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင်ထောင်ပေါင်း များစွာသော
ခရစ်ယာန်များအပါအ၀င် ဇာတ်နိမ့်သူပေါင်း ၅၀၀၀၀၀ တို့သည် နဂပူမြို့၌
ကျင်းပသောလူထုအစည်းအဝေးကြီး၌ ဗုဒ္ဓဘာသာသို့ ကူးပြောင်းမည်ဟု သိရပါသည်။
၁၉၅၈-ခုနှစ်၊ ဒေါက်တာအမ်ဘက္ကား မသေမီကလေးတွင် ရေးသားသောစာတမ်း တစ်စောင်တွင်
၎င်းရည်ရွယ်ချက်များကို ဖေါ်ပြပြီး ဘာသာရေးအဖွဲ့များကို စတင်တည်ထောင်သူ
ခေါင်းဆောင်ကြီးလေးဦးကို အောက်ပါအတိုင်းဖေါ်ပြထားသည်။
(၁) ဗုဒ္ဓ (၂) ဂျီဆက်(စ်)(ခရစ်တော်) (၃) မိုဟာမက် (၄) ခရစ္စနား
ထို့နောက် ဆက်လက်ရေးသားထားသည်မှာ-
““ထို့ကြောင့်
ကျွန်ုပ်တို့ ယခုပြဿနာမှာ လူ့အဖွဲ့အစည်း အဆောက်အအုံ၏ လက်ရှိအခြေအနေနှင့်
လျော်ညီလျောက်ပတ်ဆုံးသော ဘာသာရပ်ကို အဆိုပါတည်ဆဲဘာသာကြီးလေးရပ်မှ
ရွေးချယ်ယူရန်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ရွေးထုတ်ယူရမည့်ဘာသာတွင်ရှိအပ်သည့်အင်္ဂါရပ်ဆောင်ပုဒ်တို့သည်ကား -
(၁) လူ့အဖွဲ့အစည်းတစ်ခုသည် ကိုယ်ကျင့် တရားအပေါ်တွင် အခြေစိုက်မှသာ
တည်တံ့ခိုင်မြဲနိုင်မည်။ အခြေခံမရှိသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရား အလွန်အား
ပျော့၏။ ထို့ကြောင့် အဖွဲ့အစည်းတိုင်းတွင် ဘာသာရေးကို ကိုယ်ကျင့်တရားအဖြစ်
စောင့်ထိန်းရန် အုပ်ချုပ်ရေး စည်းကမ်းဥပဒေသည် မလွဲမသွေလိုအပ်ကြောင်း။
(၂) အဖွဲ့အစည်းတစ်ခု၏ ဘာသာရေးသည် ၎င်း၏ သိပ္ပံအတတ်ပညာနှင့် ဟပ်မိရ
မည်(၀ါ)ကိုက်ညီရမည်။
ဆင်ခြင်စဉ်းစားမှုနှင့် ကိုယ်တွေ့သင်ခန်းစာများကို မဆန့်ကျင်ရ။
ဆင်ခြင်တုံတရားထက်လွန်ကဲသည့် အတွေးခေါင်မှုများ၊ ဘုန်းကြီးရဟန်းဆိုသည့်
စသည့် ဂိုဏ်းဂဏသြဇာများမှ သက်ဆင်းလာသည့် အယူသီးမှုများအပေါ်တွင် အခြေမပြုရ၊
(၃) လွတ်လပ်ခြင်း၊ သာတူညီမျှရှိခြင်း၊ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်ကြင်နာခြင်းစသည့်
အခြေခံနည်းဥပဒေသတို့နှင့်အညီ ဆောက်တည်ရမည်။
(၄)
ဆင်းရဲမွဲတေခြင်းကို ဂုဏ်မပြု၊ အမှန်အားဖြင့်ဆိုရသော်၊ ပိုင်ရှင်များက
မိမိတို့၏ စည်းစိမ်ဥစ္စာ ရွှေငွေရတနာများကို စွန့်လွှတ်လျှင်
ချီးကျူးရမည်ဖြစ်သော်လည်း ဆင်းရဲ မွဲတေမှုသက်သက်ကိုတော့ မချီးကျူးနိုင်။
ဆင်းရဲမွဲတေမှ မြတ်သည်ဟု ဟောပြော ကြေငြာခြင်းသည် မမှန်သော
ဘာသာရေးဖေါက်ပြန်မှုဖြစ်၍၊ ဒုစရိုက်ရာဇ၀တ်မှုများ သက်ဆိုးရှည်အောင်
အားပေးအားမြှောက်ပြု၏။ ဤခေတ် လူအဖွဲ့အစည်းတစ်ခု၌ ရှိအပ်သည့် ဤလေးပါးသော
အင်္ဂါရပ်ကြီးများနှင့် ပြည့်စုံသည့်ဘာသာသည်ကား ဗုဒ္ဓဘာသာလျှင်ဖြစ်၏။
ထို့ကြောင့်၊ ဉာဏ်မှီသလောက်ပြောရလျှင်၊ လူသားတို့ မျှော်မှန်းသည့်
ကမ္ဘာသစ်တွင် (၀ါ) လက်ရှိကမ္ဘာနှင့် များစွာကွာခြားသည့် ကမ္ဘာသစ်တွင်
ဗုဒ္ဓဘာသာသည် လူသားအားလုံးတို့နှင့် အသင့်မြတ်ဆုံးဘာသာ
ဖြစ်ပါသည်။
အထက်ပါ
နိယိုဗုဒ္ဓဗျူး (Neo Buddhasim View) ခေါ် ခေတ်ပညာရှင် ကြီးများ၏
ဗုဒ္ဓဘာသာအမြင်သစ်နှင့်ပတ်သက်၍ အောက်ပါ ကမ္ဘာ့ဗုဒ္ဓဘာသာ သာသနာပြု
အဂ္ဂမဟာပဏ္ဍိတပဌမကျော် ဆရာတော်ဘုရားကြီး အရှင်သေဌိယ၏ ပင်ရင်းအခြေခံ
ဗုဒ္ဓတရားတော်ဟူသော ဆောင်းပါးမှကောက်နှုတ်ချက်သည် အလွန်မှတ်
သားဖွယ်ကောင်းသောကြောင့် မြန်မာဘာသာသို့ ပြန်ဆိုကာ ဖေါ်ပြလိုက်ပါသည်။
““ဗုဒ္ဓ၏
အဆုံးအမအားလုံးကို ““ဓမ္မ””ဟု ပါဠိဘာသာစကားတစ်လုံးတည်းတွင်
အကျဉ်းချုပ်ထားသည်။ သင်္ကရိုက်ဘာသာ စကားလုံးမှာ ““ဓါးရ်”” ဖြစ်ပါသည်။ ပါဠိ
ဘာသာမှာ ဗုဒ္ဓကိုယ်တိုင်သုံးသောဘာသာစကားဖြစ်ပါသည်။
ဗုဒ္ဓစာပေအားလုံး ပါဠိဘာသာနှင့်ရေးသားထားပါသည်။ သင်္ကရိုက်ဘာသာစကားလုံးကို
““ဓါးရ်””ကို““ဓမ္မ””ဟု ပါဠိဘာသာဖြင့် ရေးရပါသည်။ ““အမှန်တရား၊
တကယ်အရှိတရား””ဟုအဓိပ်္ပါယ်ရပါ သည်။ လူ၏စိတ်နှလုံးတွင် တည်ရှိသည့်တရားဟု
အဓိပ္ပါယ်ရပါသည်။ ဖြောင့်မတ်မှန်ကန်သော အခြေခံတရားဟု အဓိပ်္ပါယ်ရပါသည်။
ထို့ကြောင့် ဗုဒ္ဓသည် လူသားအားလုံးတို့အား သနားကြင်နာ မြင့်မြတ်ဖြူစင်သည့်
စိတ်ဓါတ်မွေးမြူပေးရန် တောင်းဆို၏။ ယင်းသို့တောင်း ဆိုခြင်းမှာ
အနန္တတန်ခိုးရှင်အား နှစ်သိမ့်စေရန်အဟုတ်၊ ၎င်း၏ အဇ္ဈတ္တသန္တာန်အတွင်းရှိ
အမြင့်မြတ်ဆုံးသောတရားကို လေးစားရိုသေရန်သာ ဖြစ်၏။
““ဓမ္မဆိုသည့်
ဖြောင့်မှန်သောတရားသည် လူသား၏ စိတ်နှလုံးအတွင်း၌သာ ကိန်းအောင်းနေသည်မဟုတ်၊
စကြာဝဠာကြီးအတွင်း၌လည်း တည်ရှိ၏။ စကြ၀ဠာကြီးတစ်ခု လုံးသည် တရားဓမ္မ၏
သရုပ်ဖေါ်ချက်သာဖြစ်ပါသည်။ တရားဓမ္မ၏ အကောင်အထည်သည်
ရုပ်လုံးဖေါ်ပြချက်သာဖြစ်သည်။ လသည် ထွက်လာ၍ ၀င်သွားသောအခါ မိုးသည်ရွာ၏။
သီးနှံပင်တို့သည် ပေါက်လာ၏။ ရာသီဥတုတို့သည် ပြောင်းကြ၏။ အဘယ်ကြောင့်နည်း။
ဓမ္မကြောင့်သာတည်း။ ဓမ္မသည် စကြာဝဠာ၌ရှိသော တရားဖြစ်၏။ ကိစ္စအ၀၀ကို ခေတ်ပေါ်
သိပ္ပံပညာ၏ ရူပဗေဒ၊ ဓါတုဗေဒ၊ တိရိစ္ဆာန်ဗေဒ၊ ရုက္ခဗေဒ၊ နက္ခတ်ဗေဒတို့
ဖေါ်ထုတ်ပေး သောနည်းတို့ဖြင့် ပြီးစေ၏။ ဓမ္မသည် တည်ရှိနေသော
သက်ရှိသက်မဲ့တိုင်း၏ အမှန်သဘာဝသာဖြစ်၏။
““
လူတစ်ယောက်သည် တရားဓမ္မအတိုင်းနေထိုင်လျှင် ဆင်းရဲခြင်းမှလွတ်မြောက်၍
ဒုက္ခအားလုံးကင်းငြိမ်းရာ နိဗ္ဗာန်သို့ရောက်မည်ဖြစ်၏။ လူတစ်ယောက်သည် မည်သို့
ဆုတောင်းနည်း။ ပူဇော်သက္ကာယနည်း။ နတ်ဗြဟ္မာတို့အား
တောင်းပန်တိုးရှိုးပသနည်းဖြင့် မိမိလိုရာပန်းတိုင်သို့ရောက်နိုင်မည်မဟုတ်။
မိမိလိုရာပန်းတိုင်သို့ ရောက်မည့်နည်း၊ တစ်နည်းသာရှိ၏။ ၎င်းမှာ မိမိ၏
အကျင့်စာရိတ္တ ကောင်းရန်ပင်ဖြစ်၏။ မိမိ၏ စိတ်ကိုထိန်းသိမ်း၍ လောဘဇော
ဒေါသဇောတို့ကို ငြိမ်းစေသောနည်းဖြင့် အကျင့်စာရိတ္တကို မြှင့်တင်နိုင်၏။
မိမိ၏ စိတ်နှလုံးအတွင်းသန္တာန်ရှိ မုန်တိုင်းကို မငြိမ်းနိုင်သမျှ
အားလုံးသော သတ္တ၀ါအပေါင်းတို့သို့ လှမ်းရမည့် ပဌမဆုံးသောခြေလှမ်းကိုပင်
လှမ်းနိုင်မည်မဟုတ်””
ဒုက္ခသစ္စာအမှန်တရားကို အထက်တွင်တင်ပြခဲ့သည့်အတိုင်း တွေ့ရှိတော်မူ ပြီးနောက်
ဆက်လက်၍ ထိုဒုက္ခသစ္စာ၏အကြောင်း ယမုဒယသစ္စာကို စူးစမ်းရှာဖွေရာ တဏှာဆိုတဲ့
စွဲလမ်းမှု တရားကိုလောဘကို သွားတွေ့ပါသည်။ ယင်းတွေ့ရှိချက်သည် အဖက်ဖက်မှ
အလွန်သဘာဝကျပြီး လောကသိပ္ပံနည်းအရ မည်သူမဆို စမ်းသပ်စစ်ဆေးကြည့် နိုင်ပါ၏။
သိပ္ပံပညာတစ်မျိုးအဖြစ် ခေတ်စားနေသည့် စိတ္တဗေဒ ဆိုက်ကိုလော်ဂျီကို
လေ့လာကြည့်ပါက သတ္တ၀ါတို့၏ ကံအမှု (၀ါ) လူသားတို့၏ ကာယကံ၊ ၀စီကံ၊
မနောကံတို့သည် တဏှာလောဘဆိုသည့် လိုချင်မှု၊ တပ်မက်မှုဆိုသည့်
စွဲလမ်းမှုကြောင့်ဖြစ်ရကြောင်းကို တွေ့ရပါသည်။ ဥပမာ အရာဝတ္ထုတစ်ခုခုကို
လိုချင်တပ်မက်ခြင်းကြောင့် ရရှိရန်ကြိုးစား၏။ ကြိုးစား၍မရပါက စိတ်ဆင်းရဲရ၏။
ဤစိတ္တဗေဒနည်းအရ၊ သက်ရှိသတ္တ၀ါတို့၏ တည်တံ့ရေးအတွက်၊ တဏှာသည်
အရေးကြီးသောအကြောင်းတစ်ခုဖြစ်ကြောင်း၊ တဏှာသည် ကာမဂုဏ်၏ အာရုံခံစားရာ၌
ဘယ်တော့မှအားမရနိုင်။ တဏှာတစ်မျိုးစ ကျေနပ်အားရသွားစေကာမူ နောက်တစ်မျိုးပေါ်
လာပြန်ကာ သက်တမ်းတလျောက်လုံးတွင် တဏှာသည် ပုံစံအသွင်အမျိုးမျိုး
အရှိန်အမျိုးမျိုး ပြောင်းလျက် တစ်ခုပြီးတစ်ခု အစပ်မပြတ်တရစပ်
ကာမဂုဏ်အာရုံအမျိုးမျိုးတို့ကို ခံစားနေတော့၏။
ဘိုင်အိုလော်ဂျီ ဇီဝဗေဒ၊ သတ္တဗေဒခေါ် နောက်ဆုံးပေါ်လောကဓါတ်သိပ္ပံပညာက လည်း
စိတ္တဗေဒ တွေ့ရှိမှုကို လက်ခံအတည်ပြုကာ၊ တဏှာသည် သက်ရှိသတ္တ၀ါ၏
အခြေခံရေသောက်မြစ်ဖြစ်၏၊ ဤရှုပ်ထွေးပွေလီသော ဘ၀သံသရာလမ်းကြောင်းများကို
ရှေ့ဆောင်ညွှန်ပြသူမှာ တဏှာပင်ဖြစ်၏။ ကာမအာရုံတို့ကို တဏှာဖြင့်
အားရပါးရခံစားဖို့ ရန်၊ ရုပ်နာမ်တို့၏ အရည်အသွေးများကို
တိုးတက်ကောင်းမွန်လာစေရန် ပြုပြင်ပေးဖို့ လိုကြောင်းဟု ဟောချက်ထုတ်ပါ၏။
သတ္တ၀ါတွေရှိနေသည့် ဤစကြ၀ဠာကြီးကို သပစ္စယ ကြောင်းကျိုးနိယာမ
သဘာဝတရားကြီးက ထိန်းချုပ်ထားပါသည်။ လောကဓါတ်သိပ္ပံပညာကလည်း ဘယ်အရာမှ
အလိုလိုမဖြစ်နိုင်၊ မတော်တဆလည်း မဖြစ်နိုင်၊ လုံလောက်သော အကြောင်းရှိမှသာ
အကျိုး ဖြစ်နိုင်၏ဟု တွေ့ရှိထားပါသည်။ ဤအတိုင်းပင် ဗုဒ္ဓကလည်း
လွန်ခဲ့သည့်နှစ်ပေါင်း (၂၅၀၀)ကျော်က ဟောချက်ထုတ်ထားပါသည်။ ဤတဏှာဆိုသည့်
ကိလေသာကို အခြေခံသော သင်္ခါရဓမ္မတို့၏ နိယာမဖြစ်ပျက်စဉ် သဘောတရားအရ၊
သတ္တ၀ါလို့ ပညတ်အားဖြင့်ခေါ်သော ရုပ်နာမ်ဓမ္မသင်္ခါရတို့သည်၊ သံသရာဝဲသြဂကြီး
ဖြစ်ပေါ်လာလိုက်၊ ပျောက်ပျက်သွားလိုက် ဟူသော ဖြစ်ပျက်အစဉ်ဖြင့် ဘ၀တစ်ခုမှ
ဘ၀တစ်ခုသို့ တပြောင်း ပြန်ပြန် ကျင်လည်ပြေးလွှားလျှက်ရှိကြပါ၏။
တဏှာအရင်းခံသော အတိတ်ကံကြောင့် ဇာတိဘ၀ ဖြစ်ရ၏။ ထိုတဏှာသည်ပင်
အတိတ်ကံကုန်ဆုံးသည်အထိ အသိအသက်ဝိဉာဏ်အစဉ် တစ်ခုပြီးတစ်ခု ဆက်ကာဆက်ကာ
စီရင်ဖန်တီးပေးပါသည်။ စုတိစိတ်ကျသည့်အခါ အဆိုပါအကြောင်းဓမ္မနိယာမတရားအတိုင်း
တဏှာအဟုန်(၀ါ) ကံ၊ ကမ္မ၊ ဂတိနိမိတ်ဟုဆိုအပ်သော
မရဏာသန်္နဇောစိတ်အဟုန်ကြောင့် ထိုက်သင့်သည့် အားလျော်စွာ
အသစ်ပြန်ဖြစ်ရပြန်ပါသည်။ အဘယ်ဘ၀နေရာဌာနမှာပဲဖြစ်ဖြစ် ၊ ဗုဒ္ဓဘာသာ ၀င်တို့
ကံလို့ခေါ်သည့်၊ စိတ်စေတနာ အကျင့်စရိုက် အလေ့အထများအလျောက်
ဖြစ်ပေါ်လာသောကြောင်းကျိုးနိယာမတရား၏ လုပ်ရပ်တို့သာ ဖြစ်ပါကြောင်း၊
ဗုဒ္ဓဘာသာ၏ ကံအကြောင်းတရားနှင့် ဇာတိပဋိသန္ဓေအကျိုး တရားအကြောင်းကို
နောက်ပိုင်းတွင် ဆက်လက်၍ တင်ပြပါဦးမည်။ ဘယ်အရာဝတ္ထု ပုဂိ္ဂုလ်၊ သတ္တ၀ါမဆို
ယခုပြောနေသည့် သဘာဝနိယာမတရားအတိုင်းဖြစ်လာလျှင် ပျက်ရမှာပဲ၊
အထက်ပိုင်းများတွင်လည်း ထပ်တလဲလဲပြောခဲ့ပါပြီ။ စကြ၀ဠာတစ်ခွင်တွင် ဘယ်ဟာမှ
မပျက်စီးဘဲ ခိုင်မြဲတည်တံ့နေ သည်မရှိပါ။ ဤကဲ့သို့ ဖြစ်လျှင်ပျက်ရသည့်
အနိစ္စသဘော လောကဓမ္မတာအတိုင်း ဖြစ်ပေါ်လာသော ဒုက္ခဆင်းရဲတို့လည်း
ပျောက်ပျက်ချုပ်ငြိမ်းသွားရမည်သာဖြစ်ပါ၏။ ဤသည်ကို သစ္စာလေးပါးတရားတော်တွင်
တတိယမြောက်ဖြစ်သော၊ ဒုက္ခနိရောဓသစ္စာလို့ ခေါ်ပါသည်။ ဒုက္ခဆင်းရဲတို့
ကွယ်ပျောက်ချုပ်ငြိမ်းခြင်းအမှန်တရားပင် ဖြစ်ပါသည်။ သို့သော်လည်း
သတ္တ၀ါလို့ခေါ်ဝေါ်သမုတ်သည့် ရုပ်နာမ်ခန္ဓာအစဉ်ကြီးရှိနေသမျှ (၀ါ)
ရုပ်နာမ်ခန္ဓာတို့သည် မြစ်ရေအလျင်ကဲ့သို့လည်းကောင်း၊
မီးတောက်ကဲ့သို့လည်းကောင်း အစဉ်အဆက်အနေဖြင့် ရှိနေသမျှကာလပတ်လုံး အဆိုပါ
ဒုက္ခဆင်းရဲအပေါင်းတို့ အပြီးအပိုင်ချုပ်ငြိမ်းသွားကြမည်မဟုတ်ပါ။
တဏှာဆိုသည့် ကိလေသာစေ့ဆော်မှုကြောင့် စေတနာကံ အမှုကိုပြု၏။ စေတနာကံကြောင့်
ရုပ်နာမ်ဓမ္မသင်္ခါရခေါ်သည့် ဆင်းရဲဒုက္ခ အစုအဝေးကြီးတို့၏ ဖြစ်ပျက်အစဉ်ကြီးသည်
ဆက်ကာဆက်ကာပေါ်ပေါက်နေတော့၏။ ထို့ကြောင့် ဤဆင်းရဲဒုက္ခအပေါင်းတို့
အပြီးအပိုင် ချုပ်ငြိမ်းပျောက်ကွယ်သွားသည်ကို အလိုရှိပါက၊
ပုဂိ္ဂုလ်သတ္တ၀ါလို့ သမုတ်သည့်၊ ရုပ်နာမ်ခန္ဓာအစုအဝေးတွေ ချုပ်ပျောက်ကင်း
ငြိမ်းသွားဖို့ လိုပါသည်။
ဤရုပ်နာမ်ခန္ဓာတို့၏ ဖြစ်လိုက်ပျက်လိုက်နေသည့် အစဉ်ကြီးသည်
ရပ်ဆိုင်းချုပ်ပျောက် မသွားမချင်း၊ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဆိုသည့်
ပဋိသန္ဓေနေခြင်းဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊
နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ ဘေးဒုက္ခတွေ တစ်သီတစ် တန်းကြီးလည်း ဆက်လက်၍
ဖြစ်ကာပျက်ကာနေမည်ဖြစ်ပါသည်။ ထို့ကြောင့် နိဗ္ဗာန်ကို ဆင်းရဲဒုက္ခအပေါင်းတို့
ချုပ်ငြိမ်းရာ ဒုက္ခနိရောဓသစ္စာဟု ခေါ်ပါသည်။ ရုပ်နာမ်ဓမ္မသင်္ခါရ
ဓါတ်တွေအားလုံး အပြီးအပိုင် ချုပ်ငြိမ်းသွားခြင်းပါပဲ။ ၎င်းတို့ကို
စုစည်းနှောင်ဖွဲ့သည့် အသိုင်းအ၀န်း အခြံအရံ သမ္ပယုတ်တရားတွေလည်း တစ်ပါတည်း
ချုပ်ငြိမ်းသွားပါမည်။ ရဟန္တာသည် မိမိပစ်္ဆိမ ဘ၀ိကခေါ် နောက်ဆုံးဘဝ
အပြီးအပိုင် ချုပ်ငြိမ်းသွားခြင်းမှာ အတိတ်ဘ၀များမှ အတိတ်ဘဝ
တဏှာကွင်းဆက်အစဉ်ကို သက်တော်ထင်ရှားရှိစဉ် ၎င်း၏ စေတနာ ဆန္ဒသဘောအတိုင်း
ဖြတ်တောက်လိုက်သောကြောင့် ဖြစ်ပါသည်။
နိဗ္ဗာန်၏
သဘာဝအစစ်အမှန်ကို အတိအကျ လောကီသား ပုထုဇဉ်တို့၏ စိတ်ဝိညာဉ်ဖြင့်
တွေးတောကြံဆ၍ မရနိုင်ပါ။ မသိနိုင်ပါ။ လောကပညတ်ဝေါဟာရ စကားလုံးတို့ဖြင့်
ထုတ်ဖေါ်ပြောပြရန် မဖြစ်နိုင်ပါ။ ဝေါဟာရဘာသာစကားတို့မှ ကာမဂုဏ်၊ အာရုံ၊
ဒွါရပေါက်တို့မှ တွေ့ထိသိရှိရသော ရုပ်နာမ်ဓမ္မသင်္ခါရဓါတ်တို့ဖြင့်သာ
သက်ဆိုင်ပါသည်။ အာရုံ အာရမ္မဏိက အကျိုးအကြောင်းဆက်သွယ်၍ သိရှိရနိုင်သော
လောကီတရားတို့နှင့်သာ သက်ဆိုင်ပါသည်။ ကာမဂုဏ် အာရုံသင်္ခါရတရားတို့၏
စက်ကွင်းအပြင်ရှိ၊ အသင်္ခတ မဖြစ်မပျက် မြဲသောသဘောရှိသော အလွန်နူးညံ့သိမ်မွေ့
သော လောကုတ္တရာ လောကမှ လွတ်မြောက်သည့် တရားမြတ်နှင့် မသက်ဆိုင်ပါ။
ထို့ကြောင့် မြတ်စွာဘုရားသည် နိဗ္ဗာန်၏ သဘာဝအကြောင်းနှင့်ပတ်သတ်သော
မေးခွန်းများကို အတိအကျဖြေဆိုခြင်း မပြုခဲ့ပါ။ သို့သော်ပစ္စုပ္ပန်ဘ၀၌ပင်
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၍ နိဗ္ဗာန်ဓါတ်စွမ်းအဟုန်ကြောင့်
တဏှာရာဂချုပ်ပျက်ရာမှပေါ်လာ သော နိဗ္ဗာန်ချမ်းသာသုခကို
အပြည့်အ၀ခံစားနိုင်ပါမည်။ နိဗ္ဗာန်ဆိုသည့် သန္တိသုခချမ်းသာ ကို
သေပြီးနောက်ဘ၀ကျမှ ခံစားရမည်ဟု မသေချာမရေရာသည့် ဂတိမျိုးကဲ့သို့ မဟုတ်ပါ။
အမှန်တကယ် ဤမျက်မှောက်ဘ၀၌ပင် သေချာနိုင်ပါသည်။ သူများအားကိုးနှင့်တော့
သေချာမည်မဟုတ်ပါ။ ကိုယ့်အားကိုယ်ကိုးနည်းဖြင့်သာ သေချာနိုင်ပါမည်။
ဗုဒ္ဓကလည်း နိဗ္ဗာန်အလိုရှိသူသည် (၀ါ) ဒုက္ခခပ်သိမ်းမှ
ကင်းလွတ်မြောက်လိုသူတို့သည် တုမှေဟိ ကိစ္စံတပ္ပံ၊ အက္ခတာရော တထကထာ မိမိတို့
ကိုယ်တိုင်ကိုယ်ကျ လွတ်မြောက်ရေးကို ရှာဖွေရယူရမည်။ ဆရာဖြစ်သူ ဗုဒ္ဓက
လမ်းညွှန်ရုံသာတည်းဟု အတိအလင်း ဓမ္မပဒမဂ္ဂတွင် ထုတ်ဖေါ်မိန့်မှာခဲ့သည်
မဟုတ်ပါလော။
ဤသဘောတရားကို ထပ်လောင်း၍ အသားပေးသောအားဖြင့် ဓမ္မပဒ ပါဠိတော်တွင်ပင် ဟောတော်မူသည်မှာလည်း-
ယောစ ၀ဿတံ ဇိဝေ၊ အပဿံ အမတံပဒံ၊
ယောစာယံ ဇိဝိတံ သေယျော ပဿတော အမတံပဒံ
အမတံ
သေခြင်းကင်းသော ပဒံ နိဗ္ဗာန်ကို အပဿံ၊ မမြင်ဘဲ ၀ဿသတံ အနှစ်တစ်ရာပတ်လုံး၊
ဇိဝေ အသက်ရှင်ရခြင်းထက် အမတံ၊ သေခြင်းကင်းသော ပဒံ၊ နိဗ္ဗာန်ကို ပဿတော
မြင်သော ယောစ အကြင်ပုဂိ္ဂုလ်၏ ဧကာဟံ တစ်ရက်မျှ ဇိဝိတံအသက်ရှင်နေရခြင်းသည်
သေယျော မြတ်၏။
ယင်းနိဗ္ဗာန်အကြောင်းနှင့် ပတ်သတ်၍၊ ကွယ်လွန်သူ အိန်္ဒိယပြည်
လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန်္ဒီ၏ ယူဆချက်သည်ကား အလွန်
မှတ်သားဖွယ်ကောင်းသောကြောင့် အချို့ကို အောက်တွင် မြန်မာဘာသာသို့ပြန်ကာ
ဖေါ်ပြလိုက်ပါသည်။
““
ကျွန်ုပ် နားလည်သလောက်ပြောရလျှင် နိဗ္ဗာန်ဆိုသည့် ဗုဒ္ဓ၏ ပရမတ္ထသစ္စာ
ပဓာနတရားသည် ချုပ်ငြိမ်းခြင်းသက်သက်မျှမဟုတ်၊ ကျွန်ုပ်တို့၏ သဏ္ဍာန်ရှိအရုပ်
အညံ့တွေ အပြစ်အနာအဆာ ဆိုးသွမ်းမှုတွေ၊ မကောင်းမှုဒုစရိုက်တွေအားလုံး
ချုပ်ငြိမ်းခြင်းကိုသာ နိဗ္ဗာန်ဟု ဆိုရပါသည်။ သုဿာန်တစ သင်္ချိုင်းဝတွင်
လူသေကောင်တွေ ချုပ်ငြိမ်းခြင်းမျိုး ခြောက်ကပ်ကပ်ကြီး
ချုပ်ငြိမ်းခြင်းမျိုးမဟုတ်။ နိဗ္ဗာန်ဆိုသည့် ချုပ်ငြိမ်းမှုမှာ
ရှင်သန်လန်းဆန်းသာယာငြိမ်းအေးစွာ သူ့သဘော သူဆောင်ကာ ခိုလှုံရာ နိစ္စသဘာဝ၏
နှလုံးအိမ်ကို အာရုံပြုနေသည့် ဆိုးလ်ခေါ် ၀ိညာဉ်တော်ပင် ဖြစ်ပါသည်။
မှတ်ချက်။ ။ (၁) နိစ္စထာဝရကို နိဗ္ဗာန်(၂)၀ိညာဉ်တော်ကို မဂ်ဉာဏ်ဟု
မြန်မာပြန်ဆိုလျှင် ထေရ၀ါဒအရ ပို၍သင့်မြတ်မည်ထင်ပါသည်။ (စာရေးသူ)
ဤအယူအဆတို့သည် အောက်တွင်ပါရှိသည့် မြန်မာနိုင်ငံ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီး
ဦးသေဋ္ဌိလ၏ ထေရ၀ါဒဗုဒ္ဓဘာသာအခြေခံတရားများခေါ် ဆောင်းပါးတွင်ပါရှိသည့်
နိဗ္ဗာန်ဆိုင်ရာဝေဖန်ချက်များနှင့် အတော်ကလေး ကိုက်ညီသည်ကို တွေ့ရပါမည်။
နိဗ္ဗာန်ဆိုသည်မှာ တဏှာချုပ်ငြိမ်းခြင်း၊ အတ္တငါစွဲ
အလိုရမ္မက်ချုပ်ငြိမ်းခြင်း ဖြစ်ပါသည်။ ရာဂ၊ ဒေါသ၊ မောဟတို့
ချုပ်ငြိမ်းခြင်းကိုလည်း ဆိုနိုင်ပါသည်။
ပါဠိဘာသာအားဖြင့် နိဗ္ဗာန်ဆိုသည်မှာ နိနှင့်ဝါန ပေါင်းစပ် ထားခြင်းဖြစ်ပါ
သည်။ နိမရှိ၊ ၀ါန တဏှာ၊ တဏှာမရှိခြင်း။ တဏှာကင်းခြင်းဟု အဓိပ်္ပါယ်ရပါသည်။
သင်္ကရိုက်ဘာသာအားဖြင့်လည်း နိရ်နှင့် ၀ါန ပေါင်းစပ်ထားခြင်းကြောင့်
ငြိမ်းသတ်ခြင်းဟု အဓိပ်္ပါယ်ရပါသည်။ ရာဂမီးကို ငြိမ်းသတ်ခြင်းမျိုးပင်
ဖြစ်ပါသည်။
ထို့ကြောင့်
နိဗ္ဗာန်ကို သဘာဝပညတ်သဘောအနက်ပြန်လျှင် ဘာမျှမရှိ ဗလာနတ္ထိ
ဥစေ်္ဆဒအယူဖြစ်သွားပါလိမ့်မည်။ ဗုဒ္ဓ၏ ပိဋကကျမ်းဂန်များတွင်မူကား နိဗ္ဗာန်ကို
ပရမတ္ထအမှန်အမြဲရှိ တကယ်ရှိတရားအဖြစ် အမြင့်ဆုံး အမြတ်ဆုံး ခိုလှုံရာ၊
ပုန်းအောင်းရာအတုမရှိ၊ အတိုင်းမရှိ စင်ကြည်သန့်ရှင်း၊ လောကထက်လွန်ကဲ၍
မနှိုင်းယှဉ်အပ်သောတရား စသည်ဖြင့် အမွှန်းတင်ထားပါသည်။
နိဗ္ဗာန်သည်
ဘာမျှမဟုတ် သဘာဝပညတ်မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ယင်းနိဗ္ဗာန်သည်
တဏှာချုပ်ငြိမ်းရာကို ဆိုလိုပါသည်။ တဏှာကို ထုတ်နှုတ်ပယ်သတ် လိုက်ခြင်းကို
ဆိုလိုပါသည်။ လူ၊ သတ္တ၀ါ စသည်တို့၏ တဏှာအလိုရမ္မက်စသည်တို့ ကို
ထုတ်နှုတ်ပယ်သတ်လိုက်ခြင်းဖြစ်ပါသည်။ တဏှာ၊ ရာဂ၊ အလိုရမ္မက်ကို ပယ်သတ်
လိုက်ခြင်းဖြင့် သတ္တ၀ါသည် လွတ်မြောက်သွားပါသည်။ ယင်းလွတ်မြောက်ရေးကိုပင်
နိဗ္ဗာန်ဟု ခေါ်ပါသည်။ လွတ်မြောက်ရေးတိုင်းလည်း နိဗ္ဗာန်မဟုတ်ပါ။
ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ပြုပြင်စီရင်ထားသည့် ကြောင်းကျိုးနိယာမ
အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း မျိုးဖြစ်ပါသည်။
အကြင်ပုဂိ္ဂုလ်သည် ဖြစ်သမျှအကြောင်း အကောင်းပါပဲဟု သဘောထား၏။
ထိုပုဂိ္ဂုလ်သည် လွတ်လပ်၏။ ကေသရာဇာခြင်္သေ့မင်းကို လက်ဝါးကလေးဖြင့်
ပုတ်ကာမျှဖြင့် မနိုင်သကဲ့သို့၊ ကိုယ်ထင်ရာကိုလုပ်နိုင်မှ လွတ်လပ်မှုမဟုတ်၊
ကိုယ်ထင် ရာကို လုပ်နိုင်သည့်လွတ်လပ်မှုသည်၊ လွတ်လပ်မှုစစ်မဟုတ်၊ တဏှာ၏
ကျွန်၊ ရာဂ၏ သဘောပေါက်လွတ်လပ်မှုပင် ဖြစ်၏။ လွတ်လပ်မှုအစစ်သည်ကား
အကျွန်ုပ်တို့၏ ရာဂ ဒေါသ မောဟ၊ မာနစသည့် တဏှာဥပါဒါန်တို့မှ
လွတ်မြောက်မှုပင်တည်း။ အကြင်သူသည် ဤတဏှာရာဂ စသည်တို့ကို ဖယောင်းတိုင်မီးကို
ငြိမ်းသတ်သကဲ့ သို့ ငြိမ်းသတ်လိုက်၏။ ထိုသူသည် ဤနေရာ၌ပင် လွတ်မြောက်သွား၏။
လွတ်လပ် သွား၏။ ဤကမ္ဘာမြေပေါ်၌ပင် နိဗ္ဗာန်သို့ ရောက်သွားတော့၏။
No comments:
Post a Comment